တာမွေဈေးအနီးတွင် ဖြစ်ပွားခဲ့သည့် ဓားရှည်၊ လှံများဖြင့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့လူသတ်မှုမှ ကျူးလွန်သူများအား ဖမ်းဆီးရမိပြီး နေ့တွင်းချင်း ရုံးထုတ်ရမန်ယူ

တာမွေဈေးအနီးတွင် ဖြစ်ပွားခဲ့သည့် ဓားရှည်၊ လှံများဖြင့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့လူသတ်မှုမှ ကျူးလွန်သူများအား ဖမ်းဆီးရမိပြီး နေ့တွင်းချင်း ရုံးထုတ်ရမန်ယူ
Published 13 September 2018

ပြစ်မှုကျူးလွန်သူများအား စက်တင်ဘာ ၁၂ ရက်က တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ်

တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဓားရှည်၊ လှံများဖြင့် မင်းမဲ့စရိုက်ဆန်အုပ်စုဖွဲ့ လူသတ်မှုမှ ကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူရှစ်ဦးအား တာမွေမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၂ ရက်၊ မွန်းလွဲပိုင်းက ရဲအင်အား အများအပြားဖြင့် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီတွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နေ မ......(၂၆) နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဇော်ဟိန်း (၃၀) နှစ်နှင့်အတူ တာမွေမြို့နယ်ရှိ ဂိမ်းကစားဆိုင် တစ်ဆိုင်တွင် ဂိမ်းကစားနေစဉ် ၎င်းတို့၏ ကလေးငယ်ကို အနီးရှိ ကလေးတစ်ဦးက ကစားစရာသေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန်ပြောဆိုခဲ့ရာမှ သေနတ်ဖြင့် ထုနေသည့် ကလေး၏မိခင်နှင့် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ည ၁၀ နာရီခွဲတွင် ဝင်းထွဋ်ဝင်းဆိုသူက မ.......၏ ဖခင် ဦးကြည်ဝင်းထံ ဖုန်းဆက်၍ “မင်းတို့စောက်ချိုး မပြေဘူး။ မင်းတို့ကို လာခုတ်ပြီ” ဟု ပြောကြားစဉ် အပြန်အလှန် စကားများခဲ့ကြကြောင်းနှင့် ထို့နောက် အနည်းငယ်အကြာတွင် ဦးကြည်ဝင်း၏ မိသားစုမှာ တိုက်အောက်သို့ ဆင်းလာစဉ် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်အနီးသို့ ကားသုံးစီးရောက်လာသည်ကို တွေ့ရှိခဲ့ရပြီး ကားပေါ်မှ လှံများ၊ ဓားများကိုင်ထားသည့်သူများ ဆင်းလာကာ ဦးကြည်ဝင်းတို့ ရှိနေသည့်နေရာသို့ ပြေးလာကာ ထိုးခုတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ အုပ်စုဖွဲ့လှံ၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးကြည်ဝင်းမှာ ယာလက်မောင်းထိုးသွင်း ဒဏ်ရာတစ်ချက်၊ သမက်ဖြစ်သူဇော်ဟိန်းမှာ ဦးခေါင်းနောက်စေ့ ဘယ်ဘက်တွင်ပြတ်ရှဒဏ်ရာ၊ ဘယ်မျက်ခုံး ဖူးရောင်ဒဏ်ရာ၊ မျက်လုံးအောက်ပြတ်ရှ ဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်နံဘေး ထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်ကျောကုန်း ထိုးသွင်းပြတ်ရှဒဏ်ရာ၊ ယာဘက် ပေါင်ပြတ်ရှဒဏ်ရာများ၊ တရားလို၏ဆိုင်မှ အလုပ်သမားဖြစ်သူ ဇော်လင်းဦး (၃၂) နှစ်မှာ ဘယ်ဘက်ပခုံးထိုးသွင်း ဒဏ်ရာ၊ ဘယ်ညှပ်ရိုးထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ကုသစဉ် ဇော်ဟိန်းမှာ လမ်းတွင်သေဆုံးသွားခဲ့ပြီး ဦးကြည်ဝင်းနှင့် ဇော်လင်းဦးတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဦးကြည်ဝင်း၏ဇနီးက အရေးယူပေးရန် သက်ဆိုင်ရာတာမွေမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ပြီး တာမွေမြို့မရဲစခန်းက (ပ) ၈၈၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

ရဲတာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် ကျူးလွန်သူများကျန်ရှိခဲ့သည့် အငှားယာဉ်ပေါ်မှ ဓားရှည်ကိုးချောင်း၊ ဓားတိုနှစ်ချောင်း၊ လှံနှစ်ချောင်း၊ ပုဆိန်တစ်လက်၊ သံလက်သီးကွင်းတစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည့်အပြင် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးတွင်လည်း ဓားရှည်နှစ်ချောင်းတို့ကိုပါ တွေ့ရှိ သိမ်းဆည်းခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား စက်တင်ဘာ ၁၂ ရက်က တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ်

ဆက်လက်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီခွဲတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်တွင် ကယ်ဒီနားအငှားယာဉ်တစ်စီးပေါ်မှ ကျူးလွန်သူများဖြစ်သည့် ဒဂုံတောင်မြို့နယ်၊ ၂၂ ရပ်ကွက်နေ ဖြူတုတ် (ခ) သိန်းထွေး (၄၀)နှစ်အား ကျူးလွန်စဉ်တွင် ရရှိခဲ့သော ဘယ်လက်ဖဝါးပြတ်ရှဒဏ်ရာဖြင့် လည်းကောင်း၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်နေ ဝင်းနိုင် (၄၁) နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၂၂ ရပ်ကွက်နေ သီဟအောင် (၃၅) နှစ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး (၄၁) နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒဂုံတောင်မြို့နယ်၊ ၇၇ ရပ်ကွက် နေဝင်းမြင့် (၄၂) နှစ်မှာ တိုယိုတာ အဲလ်ဖတ် အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသွားကြောင်း သိရပြီး လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီခွဲတွင် သာကေတမြို့နယ်၊ ၉ ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင် ကားပေါ်မှ ဆင်းလာကာ လိုက်လံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းနောက်ကျန်ရှိသည့် ကျူးလွန်သူများဖြစ်သော သာကေတမြို့နယ်၊ ၁၀/ မြောက် ရပ်ကွက်နေ သိန်းထိုက်အောင် (ခ) အန်းကုန်း (၂၉) နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆၈ ရပ်ကွက်နေ မင်းအောင် (၄၂) နှစ်တို့ကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဒဂုံတောင်မြို့နယ်၊ ၅၆ ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင်လည်းကောင်း၊ နံနက် ၂ နာရီတွင် သာကေတမြို့နယ်၊ ၈ ရပ်ကွက်နေ ဝင်းထွဋ်ဝင်း (၄၂) နှစ်ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင်လည်းကောင်း ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူရှစ်ဦးအား တာမွေမြို့နယ် တရားရုံးတွင် စက်တင်ဘာ၁၂ ရက် မွန်းလွဲပိုင်းက ရုံးထုတ်ရမန်ယူခဲ့ပြီး ရုံးချိန်းကို စက်တင်ဘာ ၂၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်းနှင့် ရုံးထုတ်စဉ် ကျူးလွန်သူရှစ်ဦးအနက် ဝင်းထွဋ်ဝင်းဆိုသူကို သီးသန့်ကားဖြင့် ရုံးထုတ်ခဲ့ပြီး အခြားသူများကို အချုပ်ကားဖြင့် ရုံးထုတ်ခဲ့ကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရသည်။

ထို့အပြင် ဖမ်းဆီးရမိခဲ့သူရှစ်ဦးအနက် ဝင်းထွဋ်ဝင်းဆိုသူမှာ သာကေတလူမိုက်ဟု နာမည်ကြီးသူဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလပိုင်းက ပစိဖိတ်ဓာတ်ပုံတိုက် ပိုင်ရှင်အား ပြန်ပေးဆွဲပြီး ရိုက်နှက်ခြိမ်းခြောက်မှု ကျူးလွန်ခဲ့ဖူးကြောင်း၊ နယ်ထိန်းရဲတစ်ဦးကိုလည်း ဓားခုတ်မှုဖြင့် ထောင်ခုနစ်နှစ်ကျပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်ကြောင်း၊ မိုက်ကြေးခွဲ ဆက်ကြေးတောင်းမှု၊ အုပ်စုဖွဲ့ အနိုင်ကျင့် ရမ်းကားမှုများ ကျူးလွန်ခဲ့ဖူးကြောင်းနှင့် ကျူးလွန်သူများအား တရားရုံးတွင် ချုပ်ရမန်ယူ၍ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိသည့် အချက်အလက်များအရ သိရသည်။