ဝေါမြို့နယ်တွင် ယောကျ်ားဖြစ်သူက ဇနီးသည်ကို ပေါက်ဆိန်ဖြင့် ထုသတ်မှုဖြစ်ပွား

ဝေါမြို့နယ်တွင် ယောကျ်ားဖြစ်သူက ဇနီးသည်ကို ပေါက်ဆိန်ဖြင့် ထုသတ်မှုဖြစ်ပွား
Published 12 September 2018

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးရဲစခန်းအပိုင် လေးအိမ်စုကျေးရွာတွင် စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်က  ယောကျ်ားဖြစ်သူမှ ပေါက်ဆိန်ဖြင့် ထုရိုက်၍ ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝေါမြို့နယ် လေးအိမ်စု ကျေးရွာနေ ရာအိမ်မှူး ဦးကျော်စိုးဆိုသူမှာ ၎င်း၏နေအိမ်ခြံနှင့် ကျောချင်းကပ်ခြံမှ အော်ဟစ်နေသံများကြားရသဖြင့် မြစ်ကျိုးနယ်မြေရဲစခန်းသို့ဆက်သွယ် အကြောင်းကြားပြီး အော်ဟစ်သံများကြားရသည့် ကျောချင်းကပ်ခြံရှိ ဦးစိုးမြင့်၏ နေအိမ်ပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့ရာ ဦစိုးမြင့်မှာ နေအိမ်အတွင်း ပက်လက်အနေအထားအဖြင့် လှဲနေသည်ကိုတွေ့ရှိရပြီး ၎င်း၏ခြေရင်းတွင် ဦးစိုးမြင့်၏ ဇနီးတော်စပ်သူ ဒေါ်ခင်စန်း ဦး (ခေါ်) ဒေါ်ကုလားမအားစောင်ဖြင့် တစ်ကိုယ်လုံး လွမ်းခြုံထားသည်ကို တွေ့ရှိခဲ့သည်။

ထို့နောက်စောင်ကိုလှန်ကြည့်ရာ ဒေါ်ခင်စန်းဦးမှာ ဦးခေါင်ခွံနောက်စေ့ကွဲအက် ဒဏ်ရာ လည်ဂုတ်တွင်ပြတ်ရှဒဏ်ရာများနှင့် သွေးများထွက်ပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဦးစိုးမြင့်အား မြစ်ကျိုးနယ်မြေရဲစခန်းမှ (ပ) ၁၀၆ / ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။