မန္တလေးမြို့ စက်မှုဇုန် (၂) စားသုံးဆီသိုလှောင်ရုံ အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး ကွန်ကရစ် လောင်းရာမှတစ်ဆင့် ပြိုကျမှုဖြစ်ပွားပြီး ကိုးဦးဒဏ်ရာရ

မန္တလေးမြို့ စက်မှုဇုန် (၂) စားသုံးဆီသိုလှောင်ရုံ အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး ကွန်ကရစ် လောင်းရာမှတစ်ဆင့် ပြိုကျမှုဖြစ်ပွားပြီး ကိုးဦးဒဏ်ရာရ
Published 12 September 2018

မန္တလေးမြို့ စက်မှုဇုန် (၂) စားသုံးဆီ သိုလှောင်ရုံအတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး ကွန်ကရစ် လောင်းရာမှတစ်ဆင့် ပြိုကျမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကနောင်မင်းသားကြီးလမ်းနှင့် ၄၆ လမ်းထောင့်ရှိ စားသုံးဆီ သိုလှောင်ရုံအတွင်း ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး အပေါ်တွင် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကွန်ကရစ် လောင်းရာမှတစ်ဆင့် ပြိုကျမှုဖြစ်ပွားပြီး လုပ်ငန်းခွင် အတွင်းရှိ အလုပ်သမားကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီကျော်က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်းနှင့် ၄၆ လမ်းထောင့်ရှိ စားသုံးဆီသိုလှောင်ရုံ အတွင်းရှိ အကျယ် ပေ ၅၀ x ၃၈ ပေပတ်လည်ရှိ ဆောက်လုပ်ဆဲ နှစ်ထပ်အဆောက်အအုံပေါ်သို့ ကွန်ကရစ်လောင်းရာတွင် သံဖရိန်ဖြင့် ပြုလုပ်ထားသည့် အောက်ခြေတိုင်များမှာ အပေါ်ဖိအားကို ခံနိုင်မှု မရှိသဖြင့် ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျမှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ စည်ပင်ဝန်ကြီးနှင့်အဖွဲ့တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံပြိုကျမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောကြားသည်။

“အခုဖြစ်တာက အင်ဂျင်နီယာပိုင်းရဲ့ သတ်မှတ်ထားတဲ့ နည်းစနစ်ပိုင်းတွေနဲ့အညီ မလုပ်တာတွေ အများကြီး ပါတာပေါ့။ သတ်မှတ်ထားတဲ့ နည်းစနစ်တွေအတိုင်း လုပ်ဆောင်ရမှာလေ။ အဲဒီလိုမလုပ်တဲ့အတွက် အများကြီး မှားတာပေါ့။ ဒါကြောင့် အရေးယူရမယ့် အပိုင်းတွေရှိတယ်။ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင်တော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျမှု ဖြစ်ပွားရာ နေရာသို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ အစရှိသည်တို့က ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မနက် ၁၁ နာရီကျော်လောက်မှာ ဖြစ်သွားတာ။ အဆောက်အအုံ အပေါ်ထပ်မှာ ယောကျ်ားတွေပဲ ရှိတာ။ အပေါ်ထပ်မှာ ကွန်ကရစ်လောင်းနေတဲ့ အချိန်မှာ ပြိုကျသွားတယ်။ ဒဏ်ရာပြင်းတဲ့ သူတွေလည်း ရှိတယ်။ ပြိုကျတဲ့အချိန်မှာ အလယ်မှာ ညပ်နေတဲ့ သူတွေကတော့ ဒဏ်ရာပိုပြင်းတယ်လို့ ထင်တယ်။ စုစုပေါင်း အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်။ အဆောက်အအုံက စားသုံးဆီ သိုလှောင်တဲ့စက်ရုံ လုပ်နေတာလို့ သိရတယ်” ဟု အဆိုပါ စားသုံးဆီ သိုလှောင်ရုံအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦးက ဆိုသည်။

ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူများကို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent