<

အလှကုန်ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ရေချိုငါးအကြေးခွံများကို ထိုင်းနှင့် ဂျပန်မှ အ၀ယ်လိုက်နေ

အလှကုန်ကုန်ကြမ်းအဖြစ် အသုံးပြုမည့် ရေချိုငါး အကြေးခွံများကို ထိုင်းနှင့် ဂျပန်မှ အ၀ယ်လိုက်နေကြောင်း စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပုံမှန်အစည်းအဝေး၌ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ယင်းသို့ ၀ယ်ယူရန်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ဆွေးနွေးခဲ့ကြောင်း၊ ငါးအကြေးခွံများကို အရေပြားနှင့် ပတ်သက်သည့် ဆေးဝါးများတွင် အသုံးပြုနိုင်ကြောင်း ဦးဝင်းကြိုင်က  ပြောကြားသည်။

“၇ ရက်နေ့က ဂျပန်လုပ်ငန်းရှင်အဖွဲ့ ရောက်လာပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အချက်က တီးလားဗီးယား အကြေးခွံ လိုချင်တယ်လို့ ဆွေးနွေးတယ်။ ဘာသုံးမလို့လဲ မေးတော့ အရေပြား လိမ်းဆေးအတွက် အကြေးခွံထဲမှာ ကော်လဂျင်ဆိုတဲ့ ဓာတ်ပါတယ်။ အရေပြားပေါ်မှာ အသားဖြူဖော်ဆေး၊ လိုးရှင်းနဲ့ အရေပြားနဲ့ ပတ်သက်တဲ့ ဟာတွေကို ဖော်လို့ရတယ်။ အဲဒီအတွက် လာဝယ်တာတဲ့” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးအကြေးခွံများကို ထိုင်းဘက်မှ လာရောက်ဝယ်ယူခြင်းများ ရှိနေပြီး ရန်ကုန်မြို့အထိ လာရောက် သယ်ဆောင်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ထိုင်းအလုပ်ရှင်နဲ့ အရောင်းအ၀ယ် ဖြစ်သွားပါတယ်။ ရန်ကုန်မှာပဲ ဒီတစ်ပတ်အတွင်းမှာ ပစ္စည်းကို လာသယ်မယ်။ သူကနယ်စပ် လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံထဲကို သယ်သွားမယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

ငါးမြစ်ချင်း၊ ငါးသိုင်းသုံးခွ၊ ငါးချင်းဖြူ အကြေးခွံ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထိုင်းဘက်မှ ၀ယ်ယူနေပြီး ပုံမှန်နှုန်းဖြင့် တစ်လလျှင် တန် ၃၀ မှတန် ၅၀ အထိ ၀ယ်ယူမည်ဖြစ်ပြီး ပုံမှန်ပစ္စည်းရရှိပါက ဈေးနှုန်းတိုးပေးမည်ဟု ထိုင်းလုပ်ငန်းရှင်ဘက်က ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံရဲ့ အဓိကမွေးတဲ့ ငါးက ငါးမြစ်ချင်းပဲ။ ငါးမြစ်ချင်း အုပ်စုထဲမှာ ငါးသိုင်းသုံးခွ၊ ငါးချင်းဖြူပါတယ်။ ဒီငါးတွေက အကြေးခွံအကုန်ပါတဲ့ ငါးတွေ။ အကြေးခွံမှ သေးသေးမဟုတ်ဘူး။ အကြီးကြီးတွေ။ ဒီငါးတွေက တစ်ပြည်လုံးမှာလည်း အဓိကထား စားတယ်။ နိုင်ငံခြားပို့ရင်လည်း ဒီငါးပို့တယ်။ အကောင်လိုက် ပို့ရင်တော့ အကြေးခွံပါသွားတယ်။ အတုံးဖြတ်ပို့ရင်တော့ အကြေးခွံကျန်ခဲ့တယ်။ ပြည်တွင်းမှာက ငါးမြစ်ချင်းကို ခြစ်ငါးလုပ်တယ်။ အရေပြားတို့ အကြေးခွံတို့ မယူဘူး။ နောက်ဈေးတွေထဲမှာ တုံးစားတယ်။ အကောင်လိုက်စားတယ်။ ဈေးထဲမှာတင် ခေါင်းဖြတ်၊ အကြေးထိုး၊ အသားပဲ ယူသွားတယ်။ ဒါတွေက အလေအလွင့် ပစ္စည်းတွေ အမှိုက်ပုံးထဲပဲ ရောက်တယ်။ အခုဒီပစ္စည်းက တန်ဖိုးရှိတဲ့ပစ္စည်း ဖြစ်လာပြီ” ဟု ဦးဝင်းကြိုင်က ဆိုသည်။

 

September 11, 2018














Copy Protected by Chetan's WP-Copyprotect.