သြဂုတ်လကုန် နောက်ဆုံးထားထွက်ခွာရန် ခံဝန်ကတိပြုလုပ်ထားသည့် မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်း တိုက်ခန်းများကို ဖယ်ရှားရှင်းလင်း

သြဂုတ်လကုန် နောက်ဆုံးထားထွက်ခွာရန် ခံဝန်ကတိပြုလုပ်ထားသည့် မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်း တိုက်ခန်းများကို ဖယ်ရှားရှင်းလင်း
Published 9 September 2018

မန္တလေးမြို့ ရဲသိပ္ပံကျောင်းတိုက်ခန်းများကို ဖယ်ရှားရန်အတွက် လူစုဝေးနေသည်ကို စက်တင်ဘာ ၈ ရက် နံနက်က တွေ့ရစဉ်

တိုက်ခန်းဝယ်ယူထားသူများ၏ ခံဝန် ကတိလက်မှတ်ဖြင့် သြဂုတ်လကုန်အထိ ရွှေ့ဆိုင်းခဲ့သော မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း၊ ၂၈ x၂၉ လမ်းကြားရှိ ရဲအရာရှိ အတတ်သင်ကျောင်းတိုက်ခန်းများကို စက်တင်ဘာ ၈ ရက် နံနက်က ဖယ်ရှား ရှင်းလင်းခဲ့ ကြောင်း သိရသည်။

အဆိုပါ ရဲအရာရှိ အတတ်သင်ကျောင်း တိုက်ခန်းများအား သြဂုတ် ၅ ရက် နံနက်က ဖျက်သိမ်းဖယ်ရှားမည့်အစီအစဉ်ကို အဆိုပါ ၆၈ လမ်း၊၂၈ လမ်းနှင့် ၂၉ လမ်းကြားတွင် ရဲတပ်ဖွဲ့က လူအင်အားအလုံးအရင်းဖြင့် လမ်းပိတ်ဆို့ဆောင်ရွက်ခဲ့ပြီး တိုက်ခန်းဝယ်ယူထားသူများ၏ ညှိနှိုင်းမှုအရ ဖယ်ရှားဖျက်သိမ်းခြင်းကို ယခု သြဂုတ်လကုန်ပိုင်းအထိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ တိုက်ခန်းများကို ချိပ်ပိတ်ဖယ်ရှားခြင်းဖြစ်သည်။ အဆိုပါဖယ်ရှားထွက်ခွာပေးရန် အသိပေးထားသည့် လူနေတိုက်ခန်းများမှာ ၁၉၉၆ ခုနှစ်က ရဲအတတ်သင်သိပ္ပံ ကျောင်း သက်သာကော်မတီက ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ပိုင်ခွင့်ချထားပေးပြီး ဆောက်လုပ်၍ရောင်းချခဲ့သည့် လူနေနှစ်ထပ်တိုက်ခန်းများဖြစ်ပြီး လူနေဆိုင်ခန်း ၃၀ ရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့ လိုအပ်လို့  ဒီမြေကိုပြန်ယူမယ်။ ဖျက်မယ်” ဟု ရဲမှူးကြီး မင်းအောင်က သြဂုတ် ၃ ရက်က ဆိုင်ခန်းရှင်များအား ခေါ်ယူတွေ့ဆုံပွဲတွင် ပြောကြားသည်။

အဆိုပါလူနေတိုက်ခန်းများမှာ ကာလ တန်ကြေး တစ်စုံတစ်ရာပေးခြင်းမရှိဘဲ ဖယ် ရှားထွက်ခွာပေးရမည်ဖြစ်ခြင်းကြောင့် ဝယ်ယူထားသူများအနေဖြင့် နစ်နာမှုများ၊  အခက် အခဲဖြစ်ပေါ်မှုများနှင့် ဆက်လက်နေထိုင်ခွင့် ရရှိရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  အသနားခံစာတင်ပြခဲ့ပြီး စိစစ်ဆောင်ရွက်သွားမည်ဟု ပြန်ကြားထားသည်ဟု အဆိုပါတိုက်ခန်း ဝယ်ယူနေထိုင်သူများက ဆိုသည်။

ရဲသိပ္ပံကျောင်းတိုက်ခန်းများကို ဖယ်ရှားရန်အတွက် လူအင်အားအလုံးအရင်းဖြင့် လာရောက်ဆောင်ရွက်နေသည်ကို စက်တင်ဘာ ၈ ရက် နံနက်က တွေ့ရစဉ်

“အခြေအနေကတော့ ဘာမှမတတ်နိုင်တော့ဘူး။ သြဂုတ်လကုန် အပြီးပြောင်းပေးပါမယ်ဆိုတဲ့ ခံဝန်ကတိလက်မှတ် ထိုးပြီးပြီ” ဟု အဆိုပါတိုက်ခန်းတွင် ဝယ်ယူနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါလူနေတိုက်ခန်းများမှာ ရဲသိပ္ပံကျောင်း ဂရန်မြေဧရိယာအတွင်း မပါဝင်သောကြောင့် ၁၉၉၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း)ဥပဒေဖြင့် ဆောင်ရွက်ရန် မသင့်ကြောင်း နေထိုင်သူများက ရှင်းလင်းပြောကြားခဲ့ပြီး ယခုကဲ့သို့ အတင်းအကျပ်ဖယ်ရှား စေခြင်းမှာ ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အား အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်မှုဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ဒီအတိုင်းထွက်ပေးရမယ်ဆို မျှတမှု မရှိပါဘူး။ ကျွန်တော်တို့က ဝယ်ယူနေထိုင်ခဲ့တာ။ ကျူးကျော်ထားတာ မဟုတ်ဘူး။ အစား မြေနေရာဖြစ်ဖြစ်၊ ကာလပေါက်ဈေးဖြစ်ဖြစ် စီစဉ်ပေးစေချင်တယ်။ အခု ဝါတွင်းကာလ ဖြစ်တော့ ပြောင်းရွှေ့ဖို့ အခက်အခဲရှိ တယ်။ နောက်ပြီး ပြောင်းဖို့မရှိတဲ့သူတွေ ဘယ်လို လုပ်မလဲ” ဟု အဆိုပါတိုက်ခန်းတွင် နှစ် ၂၀ ကျော်နေထိုင်ခဲ့သည့် မုန့်လုပ်ငန်းရှင် ဦးမျိုးအောင်က ပြောကြားသည်။