အောင်လံမြို့နယ်တွင် မှုခင်းသတင်းထောက်ကတ်ပြပြီး လစဉ်ဆက်ကြေးတောင်းခံနေသူ ငါးဦးအား မီးသွေးလုပ်ငန်းရှင်တစ်ဦးက အမှုဖွင့်တိုင်ကြား

အောင်လံမြို့နယ်တွင် မှုခင်းသတင်းထောက်ကတ်ပြပြီး လစဉ်ဆက်ကြေးတောင်းခံနေသူ ငါးဦးအား မီးသွေးလုပ်ငန်းရှင်တစ်ဦးက အမှုဖွင့်တိုင်ကြား
Published 8 September 2018

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် မှုခင်းသတင်းထောက် ကတ်ပြားပြပြီး လစဉ်ဆက်ကြေးတောင်းခံ နေသူငါးဦးအား မီးသွေးလုပ်ငန်းရှင်တစ်ဦးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်တိုင်ကြားမှုတစ်ခု စက်တင်ဘာ ၆ ရက် ညနေဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်လံမြို့ စက်ရုံရပ်ကွက်တွင်နေထိုင်သူ မြင့်အောင်၊ စက်ရုံရပ်ကွက်နေထိုင်သူ ဝင်းမောင် (ခ) မင်းသားကြီး၊ ရွာထောင် ရပ်ကွက်နေထိုင်သူ မင်းကို၊ အောင်လံမြို့ နယ် ရွှေညောင်ပင်ကျေးရွာနေထိုင်သူ သိန်းဇော်၊ စမ်းချောင်းရပ်ကွက်နေထိုင်သူ ဟန်အေးတို့ငါးဦးမှ ၎င်းတို့သည် ပြည်သူ့ဝန် ထမ်းများဖြစ်ကြောင်း၊ မှုခင်းသတင်းထောက် မှုခင်းအဖွဲ့သတင်းရဲတပ်ဖွဲ့ (စအဖ)(စစစ) အဖွဲ့တို့ဖြစ်ကြောင်း မှုခင်းသတင်းထောက် ကတ်ပြားထုတ်ပြကာ အောင်လံမြို့ မီးသွေးလုပ်ငန်းရှင် ဦးသိန်းဇော်အား မီးသွေးအရောင်း အဝယ်လုပ်ခြင်းသည် အများနှင့်သက်ဆိုင် သောပစ္စည်းကာကွယ်သည့်ဥပဒေအရ ထောင် ၁၀ နှစ်အထိကျနိုင်ပြီး ၎င်းတို့က တိုင်တန်းပါက ဒုက္ခရောက်နိုင်ကြောင်း၊ လစဉ်ဆက်ကြေးပေးလျှင် တိုင်တန်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ခြောက်လှန့်ပြောဆိုသဖြင့် မီးသွေးလုပ်ငန်းရှင် ဦးသိန်းဇော်က ၎င်းတို့ငါးဦးအား တစ်လလျှင် ကျပ်ငါးသောင်းဆက်ကြေးပေးခဲ့ရကြောင်း သိရသည်။

သြဂုတ်လကုန်ရက်က မြင့်အောင်၊ ဟန်အေး၊ မင်းကိုနှင့် ဝင်းမောင်တို့လေးဦးသည် မီးသွေးလုပ်ငန်းရှင် ဦးသိန်းဇော်ရှိသည့် လက်ဖက်ရည်ဆိုင်သို့ လာရောက်ပြီး ကျပ်တစ်သိန်းနှစ်သောင်းအား အမြန်ပေးရန်နှင့် မပေးပါက ထောင် ၁၀ နှစ်ကျနိုင်သည့် ဥပဒေဖြင့် တိုင်တန်းမည်ဟုခြိမ်းခြောက်ပြော ဆိုသဖြင့် ကျပ်တစ်သိန်းနှစ်သောင်းအားပေးခဲ့ရကြောင်း၊ ထို့နောက်တွင် ဦးသိန်းဇော်က တတ်သိနားလည်သူများနှင့် တိုင်ပင်ကြည့်ရာ ၎င်းတို့ငါးဦးသည် ပြည်သူ့ဝန်ထမ်းများ မဟုတ်ဘဲ သာမန်မှုခင်းသတင်းထောက်များသာဖြစ်ကြောင်းသိခဲ့ရပြီး မိမိထံမှခြိမ်းခြောက် လစဉ်ဆက်ကြေး တောင်းခံနေသူ ငါးဦးအား စက်တင်ဘာ ၆ ရက် ညနေပိုင်းက အောင်လံ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရဲစာများအရ သိရသည်။

“တိုင်တန်းချက်အရ သူတို့ငါးဦးက မှုခင်းသတင်းထောက် ကတ်ပြားပြပြီး လစဉ် ဆက်ကြေးတောင်းခံနေတာလို့ သိရပါတယ်။ လက်ရှိသူတို့ငါးဦးထဲက ဟန်အေး ဆိုသူနဲ့ ဝင်းမောင် (ခ) မင်းသားကြီးဆိုသူကို ဖမ်းဆီးရမိထားပါတယ်။ ကျန်တဲ့သုံးဦးကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်” ဟု အောင်လံမြို့နယ်စခန်းမှူး ဦးစိုးညွန့်ဦးက ပြောကြားသည်။

မှုခင်းသတင်းထောက်ကတ်ပြားပြပြီး ခြိမ်းခြောက် လစဉ်ဆက်ကြေး တောင်းခံနေသူ မင်းကို အပါအဝင် ငါးဦးအား မီးသွေးလုပ်ငန်းရှင် ဦးသိန်းဇော်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၇၀/၁၁၄ တို့ ဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

အဆိုပါရာဇသတ်ကြီးပုဒ်မ ၃၈၉ မှာ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် တစ်ဦးတစ်ယောက်အား ပြစ်မှုတစ်ခုခုနှင့် စွပ်စွဲမည်၊ ကြောက်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြစ်မှုအတွက် ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၁၇၀ မှာ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြစ်ပြီး နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ပုဒ်မ ၁၁၄ သည် ပြစ်မှုကျူးလွန်ရာတွင်အား ပေးကူညီမှုဖြစ်ကြောင်း သိရသည်။