မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရွှေထိုက်နှင့် အမျိုးသား တစ်ဦးအား သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင်တရားစွဲဆို

မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရွှေထိုက်နှင့် အမျိုးသား တစ်ဦးအား သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင်တရားစွဲဆို
Published 7 September 2018

မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော်ရွှေထိုက်နှင့် အမျိုးသားတစ်ဦးအား သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် စက်တင်ဘာ ၆ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့သည်။

၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး(၂) တရားခွင်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၂၀ (က)ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရုံးချိန်းအား စက်တင်ဘာ ၁၉ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

အဆိုတော် ရွှေထိုက် အပါအဝင် ခုနစ်ဦးအား မူးယစ်ဆေးဝါး အများအပြားဖြင့် မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖမ်း ဆီးရမိခဲ့ကြောင်း သြဂုတ် ၁၀ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ် ၉ရက် နံနက် ၁၁ နာရီတွင် မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန်(အရှေ့) တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင် (ခ) ကိုပေါက်၏ နေအိမ်အတွင်း ရှာဖွေရာ ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်း နှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအမှု၏ ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ မိနစ် ၅၀တွင်ရန်ကင်းမြို့နယ် အမှတ် (၁၆) ရပ်ကွက် ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II ယာဉ်ကို ရှာဖွေရာ ကျော်သူရအား တွေ့ရှိရပြီး ယာဉ်မောင်းထိုင် ခုံပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ နှင့် အိုက်စ် ၇ဂ ရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီမိနစ် ၂၀ တွင် ကျော်သူရ တည်းခိုနေသည့် My Dream ဟိုတယ် အခန်းအမှတ် ၁၀၁ ကို ဆက်လက်ရှာဖွေရာ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင် တို့အား တွေ့ရပြီး ရေချိုးခန်း ဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ကိုးပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ၎င်း၏ ကွင်းဆက် အရ ညနေ ၆နာရီ ၄၅ မိနစ်တွင် ရန်ကင်း မြို့နယ် အမှတ် ၁ ရပ်ကွက် ရန်ကင်းလမ်း Golden City အိမ်ရာနေ သက်ဆွေမင်း (ခ) ကိုစိုင်းနှင့် မဝေလွင်ဇော် (ခ) မရွှေထိုက်တို့ ၏ နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ် အဝေရာလမ်း အမှတ် ၁၅ ရပ်ကွက်ရှိ နေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ဂ ရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲ တပ်ဖွဲ့က ထုတ်ပြန်သည်။