ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်
Published 6 September 2018

သြဂုတ်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“မိုးက ဆက်သွားနိုင်တယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရနိုင်တယ်။ ပြီးတော့ ဒီနှစ် မုတ်သုံအဆုတ်မိုးက အလယ်ပိုင်းဒေသတွေကို မိုးရစေမှာ ဖြစ်တယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် မိုးနှောင်းကာလ ဖြစ်သည့် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် ပဲခူးတိုင်းဒေသကြီးတွင်လည်း ရေကြီးရေလျှံမှုကို သတိပြုရန်လိုကြောင်း၊ ရွှေကျင်၊ စစ်တောင်းမြစ်ရေတို့သည် ပဲခူးလွင်ပြင်ဘက်တွင်လည်း ရေကြီးနိုင်ကြောင်း၊ ယခုဖြစ်စဉ်သည် တတိယရေကြီးကာလ ဖြစ်ကြောင်း၊ မုန်တိုင်းဖြစ်မည့် အရေအတွက် များနေသဖြင့် ရေကြီးရေလျှံမှု များပြားလာနိုင်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေသဖြင့် မြန်မာနိုင်ငံ နေရာအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးနှောင်ကာလ မိုးလေဝသခန့်မှန်းချက်တွင် စက်တင်ဘာ ၁ ရက်မှစပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့ကို မိုးနှောင်းကာလအဖြစ် သတ်မှတ်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အတွင်း အလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း၊ အောက်တိုဘာ ၄ ရက်မှ ၉ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်ကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။

မိုးနှောင်းကာလအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေသည် တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်၌ မိုးနှောင်းကာလတွင် ဖြစ်ပွားသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့ မရှိသော်လည်း အဆိုပါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိကြောင်း သိရသည်။