ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ဆေးဆိုင် ၂၀၀ ကျော်ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး လိုင်စင်မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများ ရောင်းချသောဆေးဆိုင် ၄၀ ဝန်းကျင် အရေးယူထား

ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ဆေးဆိုင် ၂၀၀ ကျော်ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး လိုင်စင်မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများ ရောင်းချသောဆေးဆိုင် ၄၀ ဝန်းကျင် အရေးယူထား
Published 6 September 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးအရောင်းဆိုင် ၂၀၀ ကျော်ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး လိုင်စင်မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများရောင်းချသောဆေးဆိုင် ၄၀ ဝန်းကျင်ကို ဥပဒေအရ အရေးယူထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။

“ဒီနှစ်ထဲမှာ ဆေးဝါးနဲ့ပတ်သက်လို့ ဆေးဆိုင် ၂၀၀ ကျော်လောက် စစ်တာမှာ ပိတ်သိမ်းတာ၊ တရားစွဲ အရေးယူတာတွေလည်း ရှိပါတယ်။ ခွင့်မပြုဆေးဝါးတွေ့တယ်ဆိုရင် ပထမဆုံးအကြိမ်ဆို ဆိုင်ကိုသုံးလ ပိတ်သိမ်းတယ်။ ဒုတိယအကြိမ်ဆို ခြောက်လနဲ့ တတိယအကြိမ်ဆိုရင် လိုင်စင်ပိတ်သိမ်းပြီး အမျိုးသားဆေးဝါးဥပဒေနဲ့ တရားစွဲပါတယ်။ လက်ရှိ အရေးယူထားတာအရဆိုရင် သုံးလပိတ်ထားတဲ့ ဆေးဆိုင်သုံးဆိုင်၊ ဥပဒေအရ တရားစွဲဆိုထားတာရှစ်ဆိုင်၊ ကိုးဆိုင်လောက် ရှိပါတယ်။ ခံဝန်ကတိ လက်မှတ်ထိုးထားတာကတော့ ဆိုင်ပေါင်း ၂၀ ကျော် ၃၀ လောက် ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။

အရေးယူထားသော ဆေးဆိုင်များအနက် လိုင်စင်မရှိဆေးဆိုင်များ၊ တရားမဝင်ဆေးဝါး၊ စပ်ဆေးရောင်းချသောဆေးဆိုင်များ၊ သက်တမ်းလွန် ဆေးဝါးရောင်းချသော ဆေးဆိုင်များစသည်တို့ ပါဝင်ကြောင်း သိရသည်။

ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်းဖြန့်ဖြူး၊ ရောင်းချခြင်း (လက်လီ/လက်ကား) လုံးဝမပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

၂၀၁၃ မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၆၅ မှုရှိပြီး လိုင်စင်မရှိဆေးဆိုင်များ၊ စပ်ဆေး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ တရားမဝင်ဆေးဝါး ရောင်းချသည့် ဆေးဆိုင်များလည်း ပါဝင်ကြောင်း၊ နှစ်အလိုက် အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူခဲ့သည့် အမှုများမှာ ၂၀၁၃ ခုနှစ်တွင် ၇၁ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၉ မှု၊ ၂၀၁၅ ခုနှစ်တွင် ၅၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၉၉ မှု၊ ယခု ၂၀၁၇ ခုနှစ် ဇွန်လအထိ ၂၅ မှု စုစုပေါင်း ၂၆၅ မှု ရှိကြောင်းနှင့် ယင်းအမှုများအနက် ထောင်ဒဏ်အရ ပြစ်မှုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

ထို့ပြင် တရားမဝင် တင်သွင်းဆေးဝါးများလည်း ဈေးကွက်အတွင်း တွေ့ရှိနေရပြီး သုံးစွဲနေသည့် ဆေးဝါးများတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိလျှင်သော်လည်းကောင်း၊ သုံးစွဲနေကျဆေးဝါးများ၏ အရည်အသွေးကို သံသယဖြစ်လျှင်သော် လည်းကောင်း၊ ဆေးဝါးအတုဟု သံသယဖြစ်ဖွယ်ဆေးဝါးများ တွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားပါရန် နှိုးဆော်ထားသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ ဆေးဝါးဌာနခွဲမှ ဆေးဝါးမှတ်ပုံတင် စိစစ်ခြင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း (အသစ်)၊ မှတ်ပုံတင်ထုတ်ပေးခြင်း (သက်တမ်းတိုး)၊ မှတ်ပုံတင်ထုတ်ပေးခြင်း (အချက်အလက်ပြောင်း)၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ဆေးဝါးတင်သွင်းခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်း၊ ဆေးဝါးကြော်ငြာခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုခြင်းနှင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများ စစ်ဆေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent