ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ထောင် ၇ နှစ် ချမှတ်ခြင်းသည် အစိုးရက မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်သည့် လုပ်ရပ်ဟု နိုင်ငံအန့ှံရှိ မီဒီယာကွန်ရက်များ ထုတ်ပြန်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ထောင် ၇ နှစ် ချမှတ်ခြင်းသည် အစိုးရက မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်သည့် လုပ်ရပ်ဟု နိုင်ငံအန့ှံရှိ မီဒီယာကွန်ရက်များ ထုတ်ပြန်
Published 4 September 2018

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့မှုအပေါ် မန္တလေးအခြေစိုက် သတင်းထောက်များက စက်တင်ဘာ ၃ ရက်က မန္တလေး မဟာမုနိဘုရားတွင် ဆုတောင်းပွဲပြုလုပ်စဉ်

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းသည် မြန်မာအစိုးရက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်သည့် လုပ်ရပ်ဟု နိုင်ငံအနှံ့ရှိ မီဒီယာကွန်ရက်များမှ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမဆန်သည့် ရာဇဝတ်မှု ကျူးလွန်သည့် ကိစ္စရပ်များကို သတင်းဖော်ထုတ်ရေးသားရန် တာဝန်ရှိသည့်အလျှောက် ၎င်းသတင်းထောက် နှစ်ဦးက ဖော်ထုတ်ရေးသားခြင်းသည် အမျိုးသားရေးနှင့် နိုင်ငံတော်ကို သစ္စာဖောက်ခြင်း မဟုတ်ဘဲ စတုတ္ထမဏ္ဍိုင်၏ တာဝန်ရှိသည့်အလျောက် ဖော်ထုတ်ရေးသားခြင်းသာ ဖြစ်ကြောင်း နိုင်ငံအနှံ့ရှိ မီဒီယာကွန်ရက်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ချို့က ထောင်ချောက်ဆင်ကာ လျှို့ဝှက်စာရွက်စာတမ်း ဆိုသည့်အရာ သတင်းထောက်နှစ်ဦး၏ လက်ဝယ်ရောက်စေရန် ကြိုတင်ကြံစည် အမှုဆင် ဖမ်းဆီးခဲ့သည်ကို တရားရုံးတော်၌ စစ်ဆေးကြားနာ ချက်များအရ ထင်ရှားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးပြစ်ဒဏ် ချခဲ့ခြင်းသည် ပြည်သူတို့၏ သတင်းအမှန် သိပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာများ အနေဖြင့် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို ပြင်းထန်စွာ ဟန့်တာခြိမ်းခြောက်ခြင်း ဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်သူအစိုးရ မနှစ်သက်သော လုပ်ဆောင်မှုများ သတင်းရေးသားမှုများ လုပ်ဆောင်လျှင် ထောင်ကျနိုင်သည့်နိုင်ငံ၊ သတင်းထောက်များအတွက် အန္တရာယ်ရှိနေသည့်နိုင်ငံ၊ သတင်းစာ လွတ်လပ်ခွင့် တဖြည်းဖြည်း ဆိတ်သုဉ်းလာသည့် နိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်နေပြီး ယင်းအခြေအနေမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ကြီးမားသည့် အဟန့်အတား ဖြစ်စေသည်ကို အစိုးရအနေဖြင့် သတိမူသင့်ပါကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် NLD အစိုးရအနေဖြင့် ကျဆင်းနေသည့် သတင်းစာ လွတ်လပ်ခွင့် ပြန်လည်မြှင့်တင်ပေးရန်၊ စိုးရိမ်ကြောက်ရွံ့မှု ကင်းဝေးစွာဖြင့် မိမိတို့ စတုတ္ထမဏ္ဍိုင်တာဝန်ကို ထမ်းဆောင်နိုင်ရေး ဖော်ဆောင်ပေးရန်၊ သတင်းမီဒီယာဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ သတင်းသမားများကို ကာကွယ်ပေးရန်နှင့် တရားစီရင်ရေးမဏ္ဍိုင် အနေဖြင့် ရိုက်တာသတင်းထောက်နှစ်ဦးကို ဥပဒေလမ်းကြောင်းအရ အခြားသော လုပ်ဆောင်နိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း နိုင်ငံအနှံ့ရှိ သတင်းမီဒီယာ ကွန်ရက်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မကွေးဂျာနယ်လစ်ကွန်ရက်၊ တောင်ကြီးမြို့ သတင်းထောက်များအသင်း၊ ချင်းမီဒီယာကွန်ရက်၊ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက် (ဧရာဝတီတိုင်းဒေသကြီး)၊ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့၊ မုံရွာဂျာနယ်လစ် ကွန်ရက်တို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။