၂၀၀၂ ခုနှစ်က လုပ်ငန်းစတင်ခဲ့သည့် မြစ်သာရေလှောင်တမံ စီမံကိန်းနှင့် ပတ်သက်၍ ယခုဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံငွေ ကျပ် ၁၄ ဘီလျံကျော်ကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေး

၂၀၀၂ ခုနှစ်က လုပ်ငန်းစတင်ခဲ့သည့် မြစ်သာရေလှောင်တမံ စီမံကိန်းနှင့် ပတ်သက်၍ ယခုဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံငွေ ကျပ် ၁၄ ဘီလျံကျော်ကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေး
Published 4 September 2018

၂၀၀၂ ခုနှစ်က လုပ်ငန်းစတင်ခဲ့သည့် မြစ်သာရေလှောင်တမံ စီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံငွေ ကျပ် ၁၄ ဒသမ ၃၇၁ ဘီလျံကို ငြင်းပယ်ရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ နေပြည်တော်၌ စက်တင်ဘာ ၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု ဆွေးနွေးနေတဲ့ မြစ်သာရေလှောင် တမံစီမံကိန်းဆိုင်ရာ အချက်အလက်တွေဟာ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုတာကို အထင်အရှား တွေ့ရပါတယ်။ ဒီတောင်းခံလာမှုကို ခွင့်ပြုခဲ့မယ်ဆိုရင် တောင့်တင်းကောင်းမွန်ခိုင်မာတဲ့ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုစနစ်ကိုလည်း တည်ဆောက်နိုင်မယ်လို့ ကျွန်မတို့ မယုံကြည်ပါဘူး။ ဖြစ်ပြီးခဲ့တာတွေ၊ သုံးပြီးခဲ့တာတွေကို တရားဝင်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ စိစစ်ရေးပူပေါင်းအဖွဲ့ကွန်ရက် အကြံပြုချက်အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ဆိုတာ အဖြေတစ်ခုဖြစ်တယ် ဆိုပေမယ့် ဒီဘတ်ဂျက်ကို ချမပေးခင် နောက်ထပ်ရှေ့ဆက်လုပ်ငန်းတွေ မလုပ်ဆောင်ခင် စုံစမ်းရေးကော်မတီ အနေနဲ့ အလုပ်လုပ်သင့်တယ်ဆိုတာ ထင်ရှားနေပါတယ်။ စနစ်တကျ စစ်ဆေးပြီး ဥပဒေကို မလိုက်နာတဲ့သူတွေကို အရေးယူပြီးမှသာ ဘတ်ဂျက်ပေးသင့်၊ မပေးသင့် ပြည်ထောင်စု လွှတ်တော်က ပြန်လည်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြစ်သာဆည်နဲ့ ပက်သက်ပြီး လျှပ်စစ်ဓာတ်အားပေးရေး၊ ရေပေးဝေရေး လုပ်ငန်းတွေကို မကွေးတိုင်းဒေသကြီး အစိုးရရဲ့ စီမံကိန်းလုပ်ငန်းတွေကိုလည်း အလေးထား ပေါင်းစပ်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်လို့ အကြံပြုလိုပါတယ်” ဟု ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

မြစ်သာရေလှောင်တမံ စီမံကိန်း၏ ခန့်မှန်းတန်ဖိုးကို ကျပ် ၃၀၄ ဒသမ ၄၂၁ ဘီလျံသို့ တိုးမြှင့်ခွင့်ပြုရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် စတင်တင်ပြ တောင်းခံခဲ့သော်လည်း တောင်းခံမှုတွင် ပါဝင်သည့် အသုံးစရိတ်များသည် ခွင့်ပြုချက်မရရှိဘဲ ကြိုတင်ဆောင်ရွက်ထားပြီးသော အသုံးစရိတ်များဖြစ်ခြင်းနှင့် ပြည်ထောင်စုအစိုးရ၏ သဘောတူ အတည်ပြုချက် မပါရှိခြင်းတို့ကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေ တင်ပြတောင်းခံခဲ့မှုကို ငြင်းပယ်ကြောင်း အဆိုတင်သွင်းခဲ့ခြင်းသည် စီမံကိန်း ခန့်မှန်းတန်ဖိုး ၃၄ ဘီလျံ ရုတ်ချည်းတိုးမြှင့် လျာထားမှုကို သက်ဆိုင်ရာဝန်ကြီးဌာနက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိ၍ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြစ်သာရေလှောင်တမံ စီမံကိန်းသည် ၂၀၀၂ ခုနှစ်တွင် စီမံကိန်းကုန်ကျစရိတ် ခန့်မှန်းခြေတန်ဖိုး ၅၅ ဒသမ ၁၈၂ ဘီလျံနှင့် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ တွင် နှစ်ဆကျော် တန်ဖိုး ၁၂၂ ဒသမ ၈၅၁ ဘီလျံထိ ပြင်ဆင်ခဲ့ကာ ၂၀၁၂-၂၀၁၃ တွင် နှစ်ဆကျော်ထပ်တိုး၍ ၂၇၁ ဒသမ ၂၅၅ ဘီလျံသို့ ပြင်ဆင်ခဲ့သည့်အပြင် ၂၀၁၇-၂၀၁၈ တွင် ၃၀၄ ဘီလျံအဖြစ် တစ်ဖန် ပြင်ဆင်ခဲ့ကြောင်း ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

“ဒီမြစ်သာတမံမှာ ၂၀၁၆-၂၀၁၇ အထိ ခန့်မှန်းငွေ ၂၇၁ ဒသမ ၂ ဘီလျံမှာဆိုရင် မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်သန်းပေါင်း သုံးဘီလျံ ထည့်သွင်းတွက်ချက်ထားတာ တွေ့ရှိရပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားမှာ ခုနစ်နှစ်ကြာခဲ့လို့ ခန့်မှန်းငွေ နှစ်ဆကျော် တိုးတာဟာ လက်ခံနိုင်ဖွယ်ရာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၉ နဲ့ ၂၀၁၂ ကြား နှစ်ဆကျော် ၂၇၁ ဒသမ ၂၅၅ ဘီလျံထိ တိုးတာနဲ့ ၂၀၁၂ နဲ့ ၂၀၁၇ ကြား ၃၀၄ ဒသမ ၃၂၁ သန်းထိ ပြင်ဆင်တာကတော့ အလွန်မသင့်လျော်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အစိုးရ အပြောင်းအလဲကာလဖြစ်တဲ့ ၂၀၁၆-၂၀၁၇ မှာ နောက်ဆုံး Estimate ကျန်ရှိငွေ ၂၃ ဘီလျံကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒေါ်ယဉ်မင်းလှိုင်က ပြောကြားသည်။

အဆိုပါ ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ကြသည်။