တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ မဲဆွယ်အပြုံးသရော်စာနှင့် ပတ်သက်၍ လာမည့်ရုံးချိန်း၌ စွဲချက်တင်ရန် သင့် မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်

တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ မဲဆွယ်အပြုံးသရော်စာနှင့် ပတ်သက်၍ လာမည့်ရုံးချိန်း၌ စွဲချက်တင်ရန် သင့် မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်
Published 4 September 2018

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီအပတ်စဉ်ဂျာနယ်၏ ‘မဲဆွယ်အပြုံး’ သရော်စာနှင့် ပတ်သက်၍ ၂၃ ကြိမ်မြောက် ရုံးချိန်းအဖြစ် စက်တင်ဘာ ၃ ရက်တွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်း၌ စွဲချက်တင်ရန် သင့် မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဟု သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တနင်္သာရီဂျာနယ်အပေါ် သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုထားမှုမှာ သက်သေခံအထောက်အထားများ ခိုင်လုံမှုမရှိ၍ အမှုအား ချေဖျက်ပေးရန် ဂျာနယ်ဘက်မှ တိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြီးခဲ့သည့် မေ ၂၁ ရက်က လျှောက်ထားခဲ့သည့်အချိန်မှစ၍ မြို့နယ်တရားရုံးတွင် အမှုအားစစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ စက်တင်ဘာ ၃ ရက်တွင် အမှုအား ပြန်လည်စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံး၏ ၂၀၁၇ ခု နှစ် ရာဇဝတ်ကြီးအမှုအမှတ် ၂၂၁၅ ဖြင့် လက်ခံထားသည့်အမှုကို ၂၃ ကြိမ်မြောက် ရုံးချိန်းအဖြစ် စက်တင်ဘာ ၃ ရက်တွင် တရားလိုပြသက်သေဖြစ်သူ ဦးအောင်ကျော်စိုးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းကို စက်တင်ဘာ ၁၇ ရက်သို့ ချိန်းဆိုထားကြောင်း၊ ယင်းရုံးချိန်းတွင် စွဲချက်တင်ရန် သင့် မသင့် နှစ်ဖက် လျှောက်လဲချက် ကြားနာမည်ဟု ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က မီဒီယာများအား ပြောကြားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသည့် ‘မဲဆွယ်အပြုံး’ သရော်စာပါ အချက်အလက်များမှာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ မိသားစုကို ထိခိုက်စော်ကားသည့် စာသားများ ပါဝင်သောကြောင့် သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ ထားဝယ်မြို့နယ်တရားရုံး၌ နိုဝင်ဘာ ၂၃ ရက်က ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။ ဦးတိုက်လျှောက်ထားလာမှုနှင့် ပတ်သက်၍ တရားရုံးမှ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) အရ အရေးယူရန် ဆုံးဖြတ်ခဲ့သဖြင့် ဂျာနယ်တာဝန်ခံအယ်ဒီတာအား ထားဝယ်မြို့နယ်တရားရုံးက ဇန်နဝါရီ ၂ ရက်၌ ရုံးရှေ့ လာရောက်ရန် ဆင့်ခေါ်ခဲ့ပြီး ယင်းသရော်စာအမှုကို ထားဝယ်မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၂၂၁၅/၂၀၁၇ ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။