မန္တလေးမြို့တွင် နှစ် (၃၀) ပြည့် လူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပစဉ် ဖမ်းဆီးခံရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုတစ်ဦးအား စစ်ဆေး

မန္တလေးမြို့တွင် နှစ် (၃၀) ပြည့် လူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား ကျင်းပစဉ် ဖမ်းဆီးခံရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုတစ်ဦးအား စစ်ဆေး
Published 31 August 2018

နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို မန္တလေးမြို့ရှိ ဓမ္မသာလခန်းမတွင် သြဂုတ် ၈ ရက်က ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်း၏ သုံးကြိမ်မြောက် ရုံးချိန်းကို သြဂုတ် ၃၀ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့ပြီး တရားလိုတစ်ဦးအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းအား ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် ၂၀၁၆ ခုနှစ်အတွင်းက ထွန်းတုံးတိုက်ပွဲ ပြုလုပ်မှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၇၊ ၄၄၇၊ ၄၄၀၊ ၄၂၀၊ ၂၉၄၊ ၅၀၆၊ ၃၉၂ အစရှိသည့် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ဒီနေ့ ကိုအေးသိန်း အမှုတွေထဲက တရားလို ဒေါ်သန်းသန်းလေးကို စစ်ဆေးပါတယ်။ တခြားတရားလိုတွေက ဒီနေ့ မလာတဲ့အတွက် တရားလို တစ်ဦးကိုပဲ စစ်ဆေးနိုင်ခဲ့တာပါ။ စွဲဆိုထားတဲ့ ပုဒ်မကတော့ ၄၄၇၊ ၄၂၇၊ ၄၂၀ စတဲ့ ပုဒ်မတွေပါ။ နောက်ရုံးချိန်းကို စက်တင်ဘာ ၆ ရက် ပြန်ချိန်းဆိုထားပါတယ်”ဟု မြေယာအရေး လှုပ်ရှားသူ ကိုအေးသိန်းဘက်က အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုအေးသိန်းမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာက ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် သိမ်းဆည်းမြေယာများ ပြန်လည်ရရှိရေး ဒေသခံ တောင်သူများနှင့်အတူ ထွန်တုံးတိုက်ပွဲ ပြုလုပ်သဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၇၊ ၄၄၇၊ ၄၄၀၊ ၄၂၀၊ ၂၉၄၊ ၅၀၆၊ ၃၉၂ အစရှိသည့် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ခံထားရသူ တစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်စဉ်ကပင် ဖမ်းဝရမ်း ထုတ်ထားခြင်း ခံထားရသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် မြေယာအရေး လှုပ်ရှားသူ ကိုအေးသိန်းနှင့် အမှုတွဲတူသည့် ဒေသခံတောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးမှာ အချုပ်ဖြင့် ၁၃ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇွန်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံးက ပုဒ်မအချို့ကို ပယ်ဖျက်ကာ တရားရှင်လွှတ်ပေးခဲ့ပြီး အာမခံရရှိနိုင်သည့် ပုဒ်မဖြင့်သာ စွဲချက်အမိန့် ချမှတ်ခဲ့သည်။