ကုန်ပစ္စည်းများတွင် ထုတ်လုပ်သည့်နေ့နှင့် သက်တမ်း ကုန်လွန်သည့်နေ့အား ပြုပြင်ထားခြင်း တွေ့ရှိပါက တိုင်ကြားရန် စားသုံးသူရေးရာ ဦးစီးဌာန အသိပေး

ကုန်ပစ္စည်းများတွင် ထုတ်လုပ်သည့်နေ့နှင့် သက်တမ်း ကုန်လွန်သည့်နေ့အား ပြုပြင်ထားခြင်း တွေ့ရှိပါက တိုင်ကြားရန် စားသုံးသူရေးရာ ဦးစီးဌာန အသိပေး
Published 30 August 2018

ဝယ်ယူ စားသောက်သုံးစွဲကြသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့်နေ့နှင့် သက်တမ်း ကုန်လွန်သည့်နေ့တို့အား မသင်္ကာဖွယ်ရာ ပြုပြင်ထားခြင်းများ တွေ့ရှိပါက တိုင်ကြားရန် စားသုံးသူရေးရာ ဦးစီးဌာနက အသိပေး နှိုးဆော်ထားသည်။

တိုင်ကြားမှုများကို စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများ (CICC) များအပြင် လူမှုကွန်ရက် စာမျက်နှာရှိ CICC- Nay Pyi Taw က တစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုနယ်မြေ ၀၆၇၃-၄၃၀၄၆၈၊ ၀၆၇၃-၀၄၃၀၁၄၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၀၁-၂၄၅၀၈၆ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

လက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုများအပေါ် ပြည့်ဝစွာ ကာကွယ်ပေးနိုင်ရေးနှင့် ကျင့်ဝတ်နှင့် မညီသော စီးပွားရေး လုပ်ငန်းများအပေါ် စစ်ဆေးအရေးယူနိုင်ရေးအတွက် အားနည်းချက်များ ရှိခဲ့သည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

ယခင်ဥပဒေတွင် အားနည်းချက်များ ရှိခဲ့သည့်အတွက် ဥပဒေသစ် ရေးဆွဲ၍ ဆောင်ရွက်သွားရန် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီအတွင်းက ကျင်းပသော ဒုတိယအကြိမ်၊ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းနှင့် လက်ရှိတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေသစ်အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်များဖြင့် အသစ်ပြင်ဆင်ရေး ဆွဲခဲ့ပြီးဖြစ်ရာ ဥပဒေသစ် ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ တင်ပြမှုအပေါ် အစိုးရအဖွဲ့၊ အစည်းအဝေးမှ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့ ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေး လက်ရှိ ဥပဒေနှင့် ပြင်ဆင်မည့် ဥပဒေသစ်တွင် ကွာခြားချက်များအနက် ယခင် ဥပဒေတွင် အခန်း ၁၂ ခန်းသာ ပါဝင်သော်လည်း ယခုဥပဒေတွင် အခန်း ၂၆ ခန်း ပါဝင်ခြင်း၊ လက်ရှိ ဥပဒေတွင် ပုဒ်မ ၃၁ ခုသာ ပါဝင်သော်လည်း အသစ်ပြဋ္ဌာန်းမည့် ဥပဒေတွင် ပုဒ်မ ၈၇ ခု ပါဝင်ခြင်း၊ ယခင်က ပြစ်ဒဏ် ချမှတ်ရာတွင် ပြစ်ဒဏ်အမျိုးအစား တစ်မျိုးတည်းသာ ချမှတ်နိုင်သော်လည်း ပြဋ္ဌာန်းမည့် ဥပဒေသစ်တွင် ပြစ်မှုအကြီးအသေးပေါ် မူတည်၍ ပြစ်ဒဏ်အမျိုးမျိုး ရွေးချယ်ချမှတ်နိုင်ခြင်းများ အပါအဝင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသက်ရှင် နေထိုင်သုံးစွဲမှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် အသေးစိတ် ညီညွတ်မျှတမှုရှိစေရန် ရေးဆွဲထားကြောင်း နှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေသစ်အား လွှတ်တော်အသီးသီးတွင် အမြန်ဆွေးနွေးပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။