အသက်မပြည့်သေးသည့် မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟုပြောကာ ဘောလုံးကွင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြင့် ၁၇ နှစ်အရွယ် အမျိုးသားကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အသက်မပြည့်သေးသည့် မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟုပြောကာ ဘောလုံးကွင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြင့် ၁၇ နှစ်အရွယ် အမျိုးသားကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
Published 30 August 2018

အသက်မပြည့်သေးသည့်  မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟုပြောကာ ဘောလုံးကွင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြင့် ၁၇ နှစ်အရွယ် အောင်နေမျိုးဆိုသူကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် သြဂုတ် ၂၈ ရက် တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ အောင်နေမျိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ အရ ထောင်ဒဏ် နှစ်နှစ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်ရှစ်နှစ်နှင့် ယင်းပြစ်ဒဏ်နှစ်ရပ်ကို သီး ခြားစီကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၄) က တရားခွင်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက် ည ၉ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၌ မ...(အသက် ၁၂ နှစ် ၁၁ လ)သည် လမ်းထိပ်တွင် ရေခဲချောင်းဝယ်ရန်ဟု ဆိုကာ အိမ်မှထွက်သွားကြောင်း၊ ထို့နောက် ည ၁၀ နာရီအထိ အိမ်ပြန်လာခြင်းမရှိသေးသောကြောင့် မိသားစုဝင်များက လိုက်လံစုံစမ်း ရှာဖွေရာ လမ်းထိပ်တွင်ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်မှ အောင်နေမျိုး ခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၃ နာရီတွင် စက်ဘီးဖြင့် လမ်းထဲဝင် လာသည့် အောင်နေမျိုးကိုတွေ့ရပြီး မ......(အသက် ၁၂ နှစ် ၁၁ လ)မှာ နောက်မှ လမ်းလျှောက်၍ နေအိမ်သို့ပြန်လာသည်ကိုတွေ့ ရှိရကြောင်း၊ ထိုသို့တွေ့ရှိရသဖြင့် မိသားစုဝင်များက မ......(အသက် ၁၂ နှစ် ၁၁ လ)အားမေးမြန်းရာ ၎င်းသည် လမ်းထိပ်သို့ရေခဲချောင်း ဝယ်ရန်ထွက်လာစဉ် အောင်နေမျိုးသည် နောက်မှ စက်ဘီးဖြင့်လိုက်လာပြီး မုန့်ဝယ်ကျွေးမည်ဟုပြော၍ ဘောလုံးကွင်းအတွင်းသို့ ခေါ်ဆောင်ကာ တစ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ပြောပြသိရသဖြင့် မိဘအုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသော အသက်မပြည့်သည့် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သူ အောင်နေမျိုးအား အရေးယူပေးရန် တိုင်တန်းခဲ့သည့် အမှုဖြစ်ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။