သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်

သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်
Published 29 August 2018

သြဂုတ် ၂၆ ရက် ညပိုင်းအတွင်း သံလွင်မြစ်ရေ ပြန်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း တတိယအကြိမ် မြစ်ရေလွှမ်းမှု ဖြစ်ပေါ်နေစဉ်

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းလျက်ရှိပြီး ဝါခေါင်လပြည့်တက်ရေ အရှိန်ဖြင့် ဘားအံမြို့နယ်အတွင်း ရေကြီးလွှမ်းမိုးမှု တတိယအကြိမ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး စခန်းများ တိုးမြှင့်ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၈၅၂၃ ဦး ရေဘေးခိုလှုံနေရကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်မြစ်ရေလွှမ်းမိုးမှုမှာ ဝါခေါင်လပြည့်ကျော် ၂ ရက်နေ့ရောက်သည့်တိုင် မြစ်ရေလွှမ်းမိုးမှု ဆက်လက်ဖြစ်ပေါ်နေပြီး သြ ဂုတ် ၂၈ ရက်ညနေ ၄ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၈၇၇ စင်တီမီတာသို့ ရောက်ရှိနေပြီး မြစ်ရေဆုတ်ယုတ်လာခြင်း မရှိသေးကြောင်း သိရသည်။

“အစဉ်အလာအရဆိုရင် ဝါခေါင်လပြည့် ၁ ရက်နေ့ကစပြီး မြစ်ရေတဖြည်းဖြည်း ဆုတ်ခွာရမှာ ဖြစ်ပေမယ့် ရေကတရိပ်ရိပ် တက်ကောင်းနေတုန်းပဲ။ ရေကြီးနစ်မြုပ်မှုကလည်း တစ်လနဲ့တစ်ပတ် ရှိလာပြီဆိုတော့ လူတွေလည်း အတော်လေး စိတ်ပျက်လာကြပြီလေ။ တစ်နေ့တစ်နေ့ မြစ်ရေမြန်မြန် ကျဆင်းလာဖို့ ဆုတောင်းနေရတာ အမောပါပဲ” ဟု ဘားအံမြို့ အမှတ် ၅ ရပ်ကွက် အောင်နန်း ၄ လမ်းတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၄ ရက်မှစ၍ သံလွင်မြစ်ရေသည် ဆုတ်ခွာစပြုခဲ့ပြီး သြဂုတ်၂၆ ရက် (ဝါ ခေါင်လပြည့်) ညဦးပိုင်းမှ ပြန်လည် မြင့်တက်လာခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၊ ရွှေရင်မျှော်ဘုရား၊ အစ္စလာမ်မ္မစ်ကျောင်း၊ ဗလီဝတ်ပြုကျောင်း၊ အမှတ် (၃) ရပ်ကွက် ဆိုင်ကလုံးစင်တာ၊ မဲဘောင်ဘုန်းကြီးကျောင်း၊ ဓမ္မပီယဘုန်းကြီးကျောင်း၊ သုမေဓာယကြားတောရ ဘုန်းကြီးကျောင်း၊ အထက ၃ (အားကစားရုံ၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း၊ အိမ်တိုင်ကုန်း (ရွာသစ်)၊ မြိုင်ကလေးလှာကာ (ကူးဆိပ်)၊ မဂ္ဂင် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်ထားရပြီး ရေဘေးသင့် အိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၈၅၂၃ ဦး ရေဘေးခိုလှုံလျက်ရှိကြောင်း သိရသည်။