ပဲခူးမြစ်ရေကြီးမှု တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်

ပဲခူးမြစ်ရေကြီးမှု တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်
Published 28 August 2018

ပဲခူးမြစ်ရေကြီးမှု တစ်လကျော်နေပြီး ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်မှစ၍ ပဲခူးမြစ်ရေ ဒုတိယအကြိမ် ပြန်လည် မြင့်တက်လာပြီး ပဲခူးမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ မဇင်းရပ်ကွက်နှင့် ကျောက်ကြီးစု ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။

ပဲခူးမြစ်ရေသည် ဇူလိုင်၂၈ ရက်တွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်၍ စံချိန်တင် ရေအမှတ် ၉၆၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ပဲခူး- ရန်ကုန် ကားလမ်းမကြီးပေါ်တွင် သုံးပေခန့်အထိ ရေကြီးနစ်မြုပ်ခဲ့ရာ နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး ရေကြီးနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ ရက် နောက်ပိုင်းတွင် ပဲခူးမြစ်ရေ ပြန်လည် လျော့ကျလာပြီး လမ်းမကြီးများပေါ်တွင် ရေကြီးနစ်မြုပ်မှုများ မရှိသော်လည်း မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် တစ်လကျော် ကြာမြင့်လာသော်လည်း ရေကြီးနစ်မြုပ်နေသေးကြောင်း သိရသည်။

ထိုသို့ တစ်လကျော်ခန့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံနေရသော ရပ်ကွက်နေသူများမှာ ဈေးရောင်းဈေးဝယ် လုပ်ကိုင်ရသည်မှာအ ခက်အခဲများရှိခြင်း၊ အနိမ့်ပိုင်း စာသင်ကျောင်းများ ရေဝင်နစ်မြုပ်နေဆဲဖြစ်၍ စာသင်ကျောင်းများတွင် အခက်အခဲများရှိခြင်း မိဘများ ကျောင်းပို့ကျောင်းကြိုရာတွင် ခက်ခဲခြင်း စားဝတ်နေရေးအတွက် အခက်အခဲများရှိခြင်း စသည်တို့ကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“အများစုက ခေါင်းရွက်ဈေးသည်တွေ မရှိဆင်းရဲသားတွေ နေတာ။ ဈေးလည်း ကောင်းကောင်း မရောင်းရဘူး။ ရေဘေးစခန်းတွေမှာတုန်းက အဆင်ပြေတယ်။ စားဖို့မပူရဘူး။ အခုပြန်လာကြတော့ လမ်းမပေါ်သာ ရေမရှိတော့တာ ရပ်ကွက်ထဲမှာ ရေပြန်မကျတာ တစ်လကျော်နေပြီ။ အခုမှ ပိုဆိုးနေတာ။ ကလေးကျောင်းပို့တာက ကျောပိုးပြီး ကျောင်းပို့နေရတယ်။ လှေကလည်း ရှားတယ်။ ပိုက်ဆံရှိမှ မရှိရင် လှေမငှားနိုင်ဘူး။ သွားလာရတာ ခက်ခဲတယ်။ စားဖို့လည်း ကောင်းကောင်း မရှာနိုင်သေးဘူး။ ရေဘေးစခန်းတွေလည်း မရှိတော့ဘူး” ဟု ကျွန်းသာယာရပ်ကွက်နေသူ ဈေးသည်တစ်ဦး က ပြောကြားသည်။

ထို့ပြင် ဝါခေါင်လပြည့် ပင်လယ်ရေထရက်နှင့် တိုက်ဆိုင်ခြင်း၊ မြစ်ညာဒေသတွင် မိုးများခြင်း၊ ပဲခူးမြို့ ပတ်ဝန်းကျင်တွင် မိုးများခြင်ကြောင့် သြဂုတ်၂၇ ရက် မွန်းလွဲပိုင်း တိုင်းတာချက်များအရ ပဲခူးမြစ်ရေမှာ ၈၃၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ယခုနှစ် ပထမဆုံးအကြိမ် ရေကြီးနစ်မြုပ်မှုမှာ ဇူလိုင် ၁၁ ရက်ခန့်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent