မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားထိပ်တန်းဗိုလ်ချုပ်များ၏ အကောင့်များကို Facebook က ဖယ်ရှား

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားထိပ်တန်းဗိုလ်ချုပ်များ၏ အကောင့်များကို Facebook က ဖယ်ရှား
Published 28 August 2018

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားထိပ်တန်းဗိုလ်ချုပ်များ၏ အကောင့်များကို ဖယ်ရှားလိုက်ကြောင်း Facebook က သြဂုတ် ၂၇ ရက်တွင် ကြေညာ ခဲ့သည်။

Facebook က “မြန်မာနိုင်ငံက လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဒီလအစောပိုင်းမှာ ကျွန်တော်တို့အနေနဲ့ အမုန်းစကားနဲ့ သတင်းမှားတွေ Facebook ပေါ်မှာ ပျံ့နှံ့စေတာကို ကာကွယ်ဖို့ ခြေလှမ်းတွေကို လှမ်းတာနဲ့ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်ချက်တစ်ရပ် မျှဝေခဲ့ပါတယ်။ အရေးယူဆောင်ရွက်ရာမှာ ကျွန်တော်တို့ နှေးကွေးလွန်းခဲ့ပေမယ့် ကျွန်တော်တို့ အခုတော့ အမုန်းစကားတွေကို ဖော်ထုတ်ဖို့ ပိုမိုကောင်းမွန်တဲ့နည်းပညာ၊ တိုးတက်တဲ့ အစီရင်ခံရေး တန်ဆာပလာတွေ၊ အကြောင်းအရာတွေကို သုံးသပ်ဖို့ ထပ်ခန့်ထားတဲ့လူတွေနဲ့ တိုးတက်အောင် ပြုလုပ်နေပါတယ်” ဟု ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

Facebook သည် စုစုပေါင်း Facebook အကောင့် ၁၈ ခု၊ Instagram အကောင့်တစ်ခုနှင့် Follower ၁၂ သန်းနီးပါးရှိသော Facebook စာမျက်နှာ ၅၂ ခုတို့အား ဖယ်ရှားလိုက်ကြောင်းနှင့် ယင်းအကောင့်များနှင့် စာမျက်နှာများမှ အချက်အလက်များကိုမူ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာတပ်မတော်၏ မြဝတီရုပ်မြင်သံကြားကွန်ရက်အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့အား ပိတ်ပင်လိုက်သည်ဟု Facebook က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အာဏာအပ်နှင်းထားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်ရှာဖွေရေး မစ်ရှင်က သြဂုတ် ၂၇ ရက်၌ပင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်တွင် ယင်းပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ သို့မဟုတ် ထောက်ကူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်ဟု ပြောကြားထားသည်။

Facebook က “နောက်ထပ် လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ လှုံ့ဆော်ဖို့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုခြင်းကနေ သူတို့ကို ကာကွယ်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ဒါဟာ အဲဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ Facebook က စာမျက်နှာခြောက်ခုနဲ့ အကောင့်ခြောက်ခုအပြင် Instagram  က အကောင့်တစ်ခုကို ဖယ်ရှားဖို့ ဖြစ်လာရပါတယ်။ ကျွန်တော်တို့ ပိတ်ပင်ထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ စလုံး Facebook ဒါမှမဟုတ် Instagram မှာ ရှိနေတာ ကျွန်တော်တို့ မတွေ့ရတော့ပါ ဘူး” ဟု Facebook က ပြောကြားခဲ့သည်။

Facebook တွင် ချိတ်ဆက်ထားသည့် အစစ်အမှန်မဟုတ်သော အပြုအမူ၌ ပါဝင်နေသည့် စာမျက်နှာ ၄၆ ခုနှင့် အကောင့် ၁၂ ခုတို့ကိုလည်း ဖယ်ရှားခဲ့ကြောင်း  Facebook က ပြောကြားခဲ့သည်။

မကြာသေးမီက စုံစမ်းစစ်ဆေးမှုတစ်ရပ်အတွင်း ၎င်းတို့သည် မြန်မာတပ်မတော်၏ မက်ဆေ့ချ်များကို တိတ်တိတ်ပုန်းတွန်း အားပေးသည့် လွတ်လပ်သော သတင်းစာမျက်နှာများနှင့် ထင်မြင်ချက်စာမျက်နှာများအား အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရသည်ဟုလည်း Facebook က ပြောကြားခဲ့သည်။ Facebook သည် လူများအား ၎င်းတို့ ပြုလုပ်သည့် အဆက်အသွယ်များကို ယုံကြည်မှုရှိနိုင်စေရန် လိုလားသောကြောင့် ယင်းအပြုအမူမျိုးကို Facebook ၌ ပိတ်ပင်ထားသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း အစောပိုင်းက ဖွဲ့စည်းခဲ့သော လွတ်လပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ရိုက်ခတ်မှုအား လေ့လာသုံးသပ်မှုမှ တစ်ဆင့်အပါအဝင် Facebook သည် မြန်မာနိုင်ငံ၌ Facebook နှင့်ပတ်သက်၍ တလွဲအသုံးပြုမှုများကို ကာကွယ်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း Facebook က ပြောကြားခဲ့သည်။

“သတင်းမီဒီယာတွေရဲ့ ဖွံ့ဖြိုးစအခြေအနေနဲ့ မကြာသေးမီကမှ မိုဘိုင်းဖုန်းတွေ အလျင်အမြန် အသုံးပြုလာမှု စတဲ့အနေအထားမျိုးတွေရှိတဲ့ တခြားဘယ်နိုင်ငံထက်မဆို သတင်းအချက်အလက်အတွက် Facebook ကို ပိုပြီးအားကိုးကြတဲ့ နိုင်ငံမှာ ဒါဟာ လူအများကြီးအတွက် ကြီးမားတဲ့တာဝန်တစ်ရပ်ပါပဲ။ ဒါဟာ အနာဂတ်မှာ ပိုပြီးကောင်းအောင်လုပ်ဖို့ ဘာကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ ရသလဲဆိုတာပါပဲ” ဟု Facebook က ပြောကြားခဲ့သည်။

 

Most Read

Most Recent