ရွှေကျင်မြို့နယ် ဘောကထာကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျပြီး သုံးဦးသေဆုံးကာ ကလေးသုံးဦး ပြင်းထန်စွာဒဏ်ရာရ

ရွှေကျင်မြို့နယ် ဘောကထာကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျပြီး သုံးဦးသေဆုံးကာ ကလေးသုံးဦး ပြင်းထန်စွာဒဏ်ရာရ
Published 27 August 2018

ရွှေကျင်မြို့နယ် ဘောကထာကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျမှု ဖြစ်ပွားအပြီး တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဘောကထာကျေးရွာအုပ်စု ဘောကထာကျေးရွာတွင် သြဂုတ် ၂၆ ရက် နံနက်အစောပိုင်းက မိသားစုခုနစ်ဦး အိပ်နေသော နေအိမ်ပေါ်သို့ သစ်ပင်တစ်ပင် အလိုအလျောက်လဲကျပြီး လူသုံးဦးနှင့် ဝက်နှစ်ကောင် သေဆုံးကာ ကလေးငယ်သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “မနက် ၄ နာရီခွဲမှာ ဖြစ်တာပါ။ ဘောကထာ ကျေးရွာမှာပါ၊ အဲဒီမှာတော့ မိသားစုအားလုံး စုစုပေါင်း ခုနစ်ယောက်ရှိတဲ့အထဲမှာ သုံးယောက်ကတော့ နေရာတင်ပဲ ဆုံးတာပေါ့လေ။ နောက်ထပ် သုံးယောက်ကတော့ ရွှေကျင်ဆေးရုံကိုပို့တယ်။ ရွှေကျင်ဆေးရုံကတစ်ဆင့် ပဲခူးဆေးရုံမှာ ရောက်နေပါတယ်။ ကလေးသုံးယောက်က အကြီးဆုံးကလေး တစ်ယောက်ကတော့ ဘာမှမဖြစ်ပါဘူး” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက် နံနက် ၄ နာရီခွဲခန့်က ရွှေကျင်မြို့နယ် ဘောကထာကျေးရွာအုပ်စု ဘောကထာကျေးရွာတွင် မိုးရွာပြီး လေတိုက်ရာမှ ဘောကထာရွာနေ ဦးသန့်ဇင်ဦး (၃၆ နှစ်) ကျပန်းလုပ်သူ၏ နေအိမ် (၄x၄) ပင်ပတ်လည် သက်ငယ်မိုး၊ ပျဉ်ခင်း၊ ထရံကာနေအိမ်ပေါ်သို့ အမြစ်တစ်ခြမ်းဆွေးနေပြီး လုံးပတ် ၁၈ ပေခန့်၊ အမြင့် ၈၅ ပေခန့်ရှိ သက်တမ်းရင့် ညောင်ပင်ကြီးတစ်ပင် လဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သစ်ပင်လဲကျသည့် အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “သူက လေးပင်အိမ်လေးပါ။ ဘေးမှာပေါက်နေတဲ့ ညောင်ပင်က အပင်အိုပေါ့။ အပင်အိုဆိုတာ မီးလောင်ပြီးတော့ ဆွေးမြေ့နေတဲ့အပင် ဖြစ်ပြီးတော့ အခြေမခိုင်ဘဲနဲ့ လဲကျသွားတာ ဖြစ်ပါတယ်။ သူတို့ကို ရပ်ရွာက အုပ်ချုပ်ရေးမှူး တွေကလည်း ပြောပြီးသား၊ ကြိုတင်ပြီးတော့ အသိပေးပြီးသား။ ဒီအပင်ကို လှဲဖို့၊ ခုတ်ဖို့။ နောက်ပြီး ကာယကံရှင်တွေ ကိုယ်တိုင်ကိုက သေခါမှသေရော ဒီမှာပဲနေမယ် ဆိုပြီးတော့ သူတို့က မလှဲကြတာပေါ့။ မိုးက နည်းနည်းပဲ ရွာတာပါ။ နဂိုကတည်းကတော့ ဆွေးမြေ့နေတဲ့အပင် ဖြစ်ပါလိမ့်မယ်။  အခြေမခိုင်ဘဲနဲ့ လဲကျသွားတဲ့ သဘောပါ” ဟု ပြောကြားသည်။

လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျရာမှ အိမ်ရှင်ဦးသန့်ဇင်ဦးပါ မိသားစုခုနစ်ဦးတွင် ဦးသန့်ဇင်ဦး၊ ဇနီးဖြစ်သူ မလှဌေး (၃၄ နှစ်) နှင့် သမီးဖြစ်သူ အမြတ်သဇင် (၁၀ နှစ်)၊ ဒုတိယတန်းကျောင်းသူတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်လေးဦးအနက် သားဖြစ်သူများဖြစ်သည့် မောင်ကောင်းမြတ်စံ (တစ်နှစ်ခွဲ)၊ မောင်ပိုင်ဇင်အောင် (၁၁ နှစ်) မောင်ပိုင်ဇင်စိုး (၄ နှစ်) တို့မှာ သစ်ပင်ပိ၍ အသီးသီး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) များ ရရှိခဲ့သဖြင့် ရွှေကျင်မြို့နယ် ခုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း၊ ထိုသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ပဲခူးဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်း ကုသပေးထားကြောင်း၊ လူသေဆုံးမှု၊ ထိခိုက်မှုများအပြင် နေအိမ်အနီးတွင် မွေးထားသော ဝက်နှစ်ကောင်မှာလည်း သေဆုံးခဲ့ကြောင်း ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိပြီး ပဲခူးဆေးရုံသို့ ထပ်မံလွှဲပြောင်း ကုသပေးခဲ့ရသော ကလေး သုံးဦး၏ အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ကလေးနှစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားလေး ရှိနေပါတယ်။ အငယ်ဆုံးလေးကတော့ တအားကြီးတော့ မစိုးရိမ်ရဘူး။ အဲဒါကတော့ ကျွန်တော်တို့ ဒီမြို့နယ်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကနေ ပေါင်းစပ်ပြီးတော့ သူတို့လိုအပ်တဲ့ ဆေးဖိုးဝါးခတွေ ကိစ္စတွေ၊ သွားလာရေး ကိစ္စတွေ အဲဒါလေးတွေ ဆောင်ရွက်ပေးနေတယ်” ဟု ဆက်လက် ပြောကြားသည်။

အခင်းဖြစ်ပွားရာသို့ ရွှေကျင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေကျင်မြို့ နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြပြီး အခင်းဖြစ်သည့် အခြေအနေနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ သေမှုသေခင်း ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်  လျက်ရှိကြောင်း၊ အဆိုပါ သစ်ပင်လဲကျခြင်းကြောင့် နေအိမ်မှာလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။