ဆရာဝန်၊ သူနာပြုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုကို Mobile Tablet ဖုန်းများ အသုံးပြု၍ စတင်လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဆေးပညာပါမောက္ခများနှင့် ညှိနှိုင်းနေ

ဆရာဝန်၊ သူနာပြုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုကို Mobile Tablet ဖုန်းများ အသုံးပြု၍ စတင်လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဆေးပညာပါမောက္ခများနှင့် ညှိနှိုင်းနေ
Published 23 August 2018

ခန္တီးမြို့နယ် တိုက်တီးကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)

ဆရာဝန်များ၊ သူနာပြုများနှင့်အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှုများ၊ ဆေးပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို Mobile Tablet ဖုန်းများ အသုံးပြု၍   စတင်လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ ဆေးပညာပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

“သားဖွားဆရာမတွေ အပါအဝင် အခြေခံ ကျန်းမာရေးဝန်ထမ်းတွေကိုပေးအပ်မယ့် Mobile Tablet ဖုန်းတွေမှာ ကျန်းမာရေးဆိုင်ရာ Application တွေ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်တွေ ဝန်ထမ်းတွေ သိသင့်သိထိုက်တဲ့ လမ်းညွှန်တွေကို အရန်သင့်ထည့်သွင်းထားပါမယ်။ ဒီဖုန်းတွေကတစ်ဆင့် နောက်ဆုံးပေါ် ဆေးပညာတွေကို လေ့လာနိုင်သလို သတင်းအချက်အလက် ပေးပို့ဖလှယ်တာတွေကိုလည်း လုပ်ဆောင်နိုင်ပါမယ်။ လက်ရှိ Mobile Tablet ဖုန်းတွေကို တိုက်နယ်ဆရာဝန်တွေနဲ့မြို့နယ်ဆရာဝန်တွေကို ပေးအပ်သွားမှာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှု နှင့် ဆေးပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို Mobile Tablet ဖုန်းများ အသုံးပြု၍ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် Mobile Tablet ဖုန်း အလုံးရေ ၁၂၂၇၇ လုံး ဝယ်ယူထားပြီး ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များမှ ၆၅၀ လုံး လှူဒါန်းထားကြောင်းနှင့် GAVI အဖွဲ့က ၁၄၀၀၀ လုံးခန့် ပံ့ပိုးပေးမည်ဖြစ်ပြီး ၁၂၀၀ လုံးကိုလည်း တင်ဒါခေါ်ယူ၍ ဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးမြင့်မားသော ဆေးပညာရှင်များ မွေးထုတ်နိုင်ရေး အခြေခံထားသော “ဘက်စုံ ပူးပေါင်းသင်ရိုးညွှန်းတမ်း” (Intergrated Curriculum) အား ဆေးတက္ကသိုလ်အသီးသီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ စတင်သင်ကြားပို့ချနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆေးတက္ကသိုလ်များတွင် အစဉ်အဆက်ကျင့်သုံးလာခဲ့သော သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးစနစ်မှာ သက်ဆိုင်ရာ ဘာသာရပ်များကို နှစ်အလိုက် သီးခြားစီသင်ကြားရခြင်းဖြစ်ကြောင်းနှင့် ဘာသာရပ်တစ်ခုနှင့် တစ်ခုအကြား ချိတ်ဆက်သင်ကြား ခြင်းမှာအားနည်း၍ ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် လက်တွေ့ဘဝတွင် လူနာနှင့်ထိတွေ့ပြီး ရောဂါကုသရာတွင် သင်ကြားခဲ့ရသောပညာရပ်များကို ပြန်လည်ပေါင်း စပ်အသုံးချရာ၌ ခက်ခဲမှုများရှိနေကြောင်း သိရသည်။

ဘက်စုံပူးပေါင်းသင်ရိုးညွှန်းတမ်းကို အခြေခံ၍သင်ကြားခြင်းအားဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် ရောဂါတစ်ခုကို ဘက်ပေါင်းစုံမှလေ့လာကြည့်ရှု နားလည်နိုင်မည်ဖြစ်ပြီး လက်တွေ့ဘဝတွင် လူနာများကို ကုသမှုပေးရာ၌ ဆေးပညာကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်များနှင့်လျော်ညီစွာ ပြုမူနေထိုင်ဆက်ဆံတတ်ပြီး လူနာများ၏လူမှုဘဝကို ကိုယ်ချင်းစာနားလည်သော၊ ဆေးပညာကျွမ်းကျင်မှုဆိုင်ရာ ရှုထောင့်မှ ထိရောက်စွာကုသနိုင်သော ဆေးပညာရှင်ကောင်းများဖြစ်လာမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာနှင့်ပညာရပ်ဆိုင်ရာ ကောင်းစွာ ရင်ပေါင်တန်းနိုင်မည့် ဆေးပညာရှင်များ ဖြစ်လာမည် ဖြစ်ကြောင်းလည်း သိရသည်။

ဘက်စုံပူးပေါင်း သင်ရိုးညွှန်းတမ်းအား စတင်အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန်သင်ကြား၍ ကျောင်းသားကျောင်းသူအနေဖြင့်လည်း လက်ခံသင်ကြားနိုင်မည့် အတိုင်းအတာနှင့် သင့်လျော်သောသင်ကြားမှု၊ သင်ယူမှုပတ် ဝန်းကျင်ရရှိစေရေး စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားထားကြောင်းနှင့် သင်ရိုးညွှန်းတမ်းအသစ်အား စတင်ကျင့်သုံးရာတွင် စာမေးပွဲစစ်ဆေးခြင်း၊ အရည်အချင်း စစ်ဆေးခြင်းများကိုပါ စနစ်တကျဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။