ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ကိုဖီအာနန် အသက် ၈၀ အရွယ်၌ ကွယ်လွန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ကိုဖီအာနန် အသက် ၈၀ အရွယ်၌ ကွယ်လွန်
Published 18 August 2018

ဓာတ်ပုံ - ကြည်နိုင်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် သြဂုတ်လ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် အာနန်မိသားစုက တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုဖီအာနန်သည် ကွယ်လွန်ချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သည်။

ကိုဖီအာနန်သည် ကမ္ဘာ့ထိပ်တန်း သံတမန်ရာထူးဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို ရရှိသည့် ပထမဆုံး အာဖရိကန်လူမည်း တစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ထမ်းဆောင်ခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းသောနည်းလမ်း တစ်ရပ်ကို ရှာဖွေရန် အားထုတ်မှုများ၌ ဦးဆောင်ခဲ့သည်။

ကိုဖီအာနန်သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ရပ်များအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ဖူးသည်လည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကြောင့် ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးတို့သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ပေးအပ်ခဲ့သည်။