ဇေယျာဖြိုးက အောင်ဝင်းခိုင်သည် ၎င်းထက် စီနီယာနှစ်နှစ်ကျသည့်အပြင် ရာထူးအားဖြင့်လည်း ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် လေးစားရသူဖြစ်သောကြောင့် နေပြည်တော်သို့သွားရန် စီမံပေးရမည့်အခြေအနေမျိုး ၎င်းတွင် မရှိဟု ထွက်ဆို

ဇေယျာဖြိုးက အောင်ဝင်းခိုင်သည် ၎င်းထက် စီနီယာနှစ်နှစ်ကျသည့်အပြင် ရာထူးအားဖြင့်လည်း ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် လေးစားရသူဖြစ်သောကြောင့် နေပြည်တော်သို့သွားရန် စီမံပေးရမည့်အခြေအနေမျိုး ၎င်းတွင် မရှိဟု ထွက်ဆို
Published 18 August 2018

သြဂုတ် ၁၇ ရက် ရန်ကုန်မြောက်ပိုင်းခရိုင် ရုံးထုတ်မြင်ကွင်း

ဇေယျာဖြိုးက အောင်ဝင်းခိုင်သည် ၎င်းထက် စီနီယာ နှစ်နှစ်ကျသည့်အပြင် ရာထူးအားဖြင့်လည်း ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် လေးစားရသူဖြစ်သောကြောင့် ၎င်းမှာ အောင်ဝင်းခိုင် နေပြည်တော်သို့သွားရန် စီမံပေးရမည့် အခြေအနေမျိုးမဟုတ်ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။

ဇေယျာဖြိုးအား တတိယအကြိမ်မြောက်အဖြစ် သြဂုတ် ၁၇ ရက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၌စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် ရဲတပ်ဖွဲ့က သက် သေအဖြစ် တရားရုံးသို့တင်ပြထားသည့် ရှာဖွေပုံစံ၌  အောင်ဝင်းခိုင်က စာရွက်စာတမ်းများနှင့် ဖုန်းအချို့ကို မီးရှို့ဖျက်ဆီးသွားသည် ဆိုသောနေရာမှာ ၎င်းနှင့် မိသားစု ပိုင်ဆိုင် သောအိမ်နှင့် ကုမ္ပဏီမဟုတ်ကြောင်း၊ ၎င်းနှင့် မိသားစုပိုင်ဆိုင်ကြောင်း အထောက်အထားများကိုလည်း တရားရုံးသို့ တင်ပြနိုင်ခြင်း မရှိကြောင်း၊ တရားရုံးတွင် တရားလိုပြ သက်သေများ လာရောက်ထွက်ဆိုရာ၌လည်း ၎င်း ပိုင်ဆိုင်သည့်နေရာဖြစ်သည်ဟု သက်သေ မပြနိုင်ခဲ့ကြောင်း၊ ရဲထွဋ်လှိုင် (အောင်ဝင်းခိုင်ကို နေပြည်တော်သို့ ကားမောင်းလိုက်ပို့သူ) အား နေပြည်တော်သို့သွားရန်၊ အောင်ဝင်းခိုင်ကိုပါ ခေါ်သွားရန် ညွန်ကြားခဲ့ခြင်းမရှိကြောင်း၊ ရဲထွဋ်လှိုင် တရားရုံးသို့ တရားလိုပြသက်သေအနေဖြင့် လာရောက်ထွက်ဆိုရာတွင်လည်း ၎င်းက စေခိုင်းခဲ့သည်ဟု ထွက်ဆိုခြင်းမရှိကြောင်း၊ အောင်ဝင်းခိုင်မှာ ရောင်ဝါဖြိုးကုမ္ပဏီ၏ MD ဖြစ်ပြီး ရဲထွဋ်လှိုင်မှာ ရောင်  ဝါဖြိုးကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်ကြောင်း ၎င်းနှင့် သိကျွမ်းရင်းနှီးရုံမှတစ်ပါး လုပ်ငန်းကိစ္စ၊ ငွေကြေးကိစ္စ လုံးဝပါဝင်ပတ်သက်မှု မရှိကြောင်း ဇေယျာဖြိုးက ထွက်ဆိုသည်။

ထို့ပြင် အောင်ဝင်းခိုင်နှင့် ရဲထွဋ်လှိုင်သည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသူများ မဟုတ်ကြောင်း၊ တရားရုံးသို့ လာရောက်ထွက်ဆိုကြသည့် သက်သေများနှင့် အမှုစစ်အရာရှိကလည်း အထက်ပါကိစ္စနှင့် ပတ်သက်၍ ၎င်း စီမံစီစဉ်ပေးသည်ဟု ထွက်ဆိုထားခြင်း မရှိကြောင်း၊ မည်သည့်အထောက်အထားမျှ တင်ပြထားခြင်းမရှိကြောင်း၊ နေပြည်တော်သည် မင်းအစိုးရ ရုံးစိုက်ရာနေရာဖြစ်သောကြောင့် တရားခံပြေးများ၊ ထွက်ပြေးတိမ်း ရှောင်သူများ၏ နေရာမဟုတ်ကြောင်း၊  နေပြည်တော်တွင် ဝင်ထွက်သည့်နေရာအားလုံး နှင့် အရေးကြီးနေရာများတွင် စီစီတီဗွီများလည်း တပ်ဆင်ထားကြောင်း၊ ထို့ကြောင့် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ပြီး ဗိုလ်လောင်းဘဝမှစ၍ စစ်ဦးစီးတက္ကသိုလ်အထိ သင်တန်း တက်ရောက်ခဲ့သော အရာရှိတစ်ယောက် အနေဖြင့် နေပြည်တော်သို့ ထွက်ပြေးတိမ်းရှောင်သည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း၊ ရဲထွဋ်လှိုင်၏ ထွက်ဆိုချက်တွင်လည်း အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်သည့် အမူအရာ၊ မျက်နှာပျက်နေသည့် အမူအရာ ရှိမနေကြောင်း (ကားဖြင့် နေပြည်တော်သို့ လိုက်ပို့စဉ်)၊ အောင်ဝင်းခိုင်က ကားကို ဖြည်းဖြည်း မောင်းနှင်ရန် မှာကြားပြီး ဘုရားစာများ ရွတ်နေသည်ဟု ရဲထွဋ်လှိုင်က ထွက်ဆိုထားကြောင်း၊ ထို့ပြင် ဦးလင်းဇော်ထွန်း (မိုင်းဖြတ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ၏ ထွက်ဆိုချက်တွင်လည်း အောင်ဝင်းခိုင်က နက်ဖြန် မကွေးသို့ တင်ဒါကိစ္စဖြင့် သွားရန်ရှိသော ကြောင့် ကျပ်သိန်း ၂၀ ချေးပြီး နက်ဖြန်ဘဏ်ဖွင့်လျှင် ပြန်ပေးမည်ဟုပြောရာ ၁၀ သိန်းသာ ရှိသည်ဆိုသဖြင့် အောင်ဝင်းခိုင်က ငွေကျပ် ၁၀ သိန်းယူ၍ ထွက်သွားသည်ဟု ထွက်ဆို ထားကြောင်း၊ ယင်းကြောင့် အောင်ဝင်းခိုင်သည် ရန်ကုန်မှ နေပြည် တော်သို့ သွားရာတွင် ထွက်ပြေးလွတ်မြောက်ရန် ကြိုတင်ကြံစည်ထားမှုမရှိ၍ ထိုကဲ့သို့ ငွေချေးသွားရခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် အောင်ဝင်းခိုင် ပျောက်ကွယ်သွားခြင်းဖြစ်၍ ရန်ကုန်မြို့တွင် ဘုန်းကြီးဝတ်နေသော ၎င်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည်မှာ ပေါ်ပေါက်ကြောင်း ဇေယျာဖြိုးက ထွက်ဆိုခဲ့သည်။

“ကျွန်တော် ဘယ်လောက်နစ်နာနေ တယ်ဆိုတာ မီဒီယာတွေ သိလောက်ပါပြီ။ ကျွန်တော်က Emotional တွေနဲ့ ပြောနေတာ ဘာမှမရှိဘူး။ ကျွန်တော်က အားလုံးကို အချက်အလက်တွေ အတိအကျ၊ အထောက် အထားအပြည့်အစုံနဲ့ ကျွန်တော် ပြောနေခဲ့တယ်။ အဲဒီတော့ မီဒီယာတွေ၊ ပြည်သူလူထုကို အမှန်အတိုင်းတင်ပြပေးပါ။ ကျွန်တော့်မှာ တရားခံမဟုတ်ဘဲနဲ့ မြင့်ဆွေဆိုတဲ့ဟာကို ရေဆုံးမြေဆုံး မလိုက်နိုင်ဘဲ ပြီးပြီးရော အလုပ်ခံခဲ့ရတယ်” ဟု ဇေယျာဖြိုးက တရားခွင်အထွက်၌ ပြောကြားသည်။