ရော်နယ်လ်ဒင်ဟို၏သားဖြစ်သူ မန်ဒက်စ် ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းသို့ ပြောင်းရွှေ့

ရော်နယ်လ်ဒင်ဟို၏သားဖြစ်သူ မန်ဒက်စ် ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းသို့ ပြောင်းရွှေ့
Published 17 August 2018

ဘရာဇီးလ်အသင်း၏နာမည်ကျော်ကစားသမားတစ်ဦးဖြစ်သည့် ရော်နယ်လ်ဒင်ဟို၏သားဖြစ်သူ ယာအိုမန်ဒက်စ်သည် ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အသက် (၁၃)နှစ်အရွယ်သာရှိသေးသည့် မန်ဒက်စ်သည် ခရူဇီယိုအသင်းသို့ စမ်းသပ်လေ့ကျင်မှုလာရောက်ခံယူရာတွင် ရော်နယ်လ်ဒင်ဟို၏သားဖြစ်ကြောင်းကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့ပြီး နောက်ပိုင်းမှသာ အသင်းက သိရှိသွားခဲ့ခြင်းဖြစ်သည်။ ခရူဇီယိုအသင်းတာဝန်ရှိသူများသည် မန်ဒက်စ်၏ခြေစွမ်းကို နှစ်သက်သဘောကျကာ လူငယ်အသင်းအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

မန်ဒက်စ်၏မိခင်ဖြစ်သူ နာတယ်လီမန်ဒက်စ်သည် အကမယ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်က ရော်နယ်လ်ဒင်ဟိုနှင့် လက်ထပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏အိမ်ထောင်ရေးမှာ (၂)နှစ်ကျော်သာတည်မြဲခဲ့ပြီး ၂၀၀၇ ခုနှစ်တွင်လမ်းခွဲခဲ့ပြီးနောက် နာတယ်လီမှာ သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

မန်ဒက်စ်သည် ခရူဇီယိုအသင်းသို့ မရောက်ရှိမီ ရော်နယ်လ်ဒင်ဟိုကစားခဲ့ဖူးသည့် အသင်းတစ်သင်းဖြစ်သော PSG အသင်းနှင့် ဘရာဇီးလ်နိုင်ငံတွင် ခြေစွမ်းစမ်းသပ်ခံခဲ့ဖူးသည်။ ဘရာဇီးလ်အသင်းနှင့်အတူ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သည့် ရော်နယ်လ်ဒင်ဟိုသည် ကစားသမားဘဝတွင် PSG၊ ဘာစီလိုနာ၊ အေစီမီလန် စသည့်ဥရောပထိပ်တန်းအသင်းများတွင် ကစားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် ဘာစီလိုနာ အသင်း၏သံတမန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

Photo: Getty Images

 

ဘရာဇီးလ်နိုင်ငံ၏အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်သည့် Campeonato Brasileiro Série A တွင် လက်ရှိအဆင့်(၈)နေရာ၌ ရပ်တည်နေသော ခရူဇီယိုအသင်းသည် ဆန်းတို့စ်၊ ဖလာမင်ဂို၊ ဆာပေါ်လို စသည့်အသင်းများနည်းတူ တန်းမဆင်းဖူးသည့်အသင်းတစ်သင်းဖြစ်ပြီး ချန်ပီယံဆု (၄)ကြိမ်ရရှိထားကြောင်း သိရသည်။