ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတို့တွင် နှစ်ရက်ခန့် နေရာကွက်ပြီး မိုးကြီးနိုင်

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတို့တွင် နှစ်ရက်ခန့် နေရာကွက်ပြီး မိုးကြီးနိုင်
Published 16 August 2018

မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့ မော်တင် ကမ်းနားလမ်းတွင် ရေကြီးရေလျှံနေသည်ကို သြဂုတ် ၁၄ ရက် ညနေပိုင်းက တွေ့ရစဉ်

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် နှစ်ရက်ခန့် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မိုးကတော့ ဒီတစ်ရက် နှစ်ရက်လောက်အထိ လိုက်ဦးမယ်။ နောက်ရက်တွေမှာ မိုးအား လျော့သွားမယ်။ ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်းက အိန္ဒိယ ကုန်းတွင်းပိုင်းကို ဝင်နေပြီ။ သြဂုတ် ၁၆ ရက်မှာလည်း ကုန်တွင်းပိုင်းမှာ ဆက်ရှိနေမယ်။ မုတ်သုံလေကတော့ အားနည်းနည်း လျော့သွားမယ်။ မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတို့မှာ နှစ်ရက်လောက်တော့ မိုးကြီးနိုင်တယ်။ အခုလည်း ထားဝယ်တို့၊ ရေးတို့၊ ပဲခူးတို့မှာတော့ နေရာကွက် မိုးကြီးတာတွေ ရှိတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ် ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဘူဘမ်နဆွာမြို့ (Bhuba Neswar) အနီးမှ ဖြတ်ကျော် ဝင်ရောက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ် (Depression) ၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်၏ ဗဟိုချက် လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြစ်ကြောင်း သိရသည်။ နောက် ၂၄ နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် မုန်တိုင်းငယ်သည် အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

သြဂုတ် ၁၆ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။