သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်လာပြီးနောက် ဘားအံမြို့ ကယ်ဆယ်ရေးစခန်း ၁၃ ခုတွင် ရေဘေးသင့်ပြည်သူ ၆၀၀၀ ကျော် ဆက်လက်ခိုလှုံနေရ

သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်လာပြီးနောက် ဘားအံမြို့ ကယ်ဆယ်ရေးစခန်း ၁၃ ခုတွင် ရေဘေးသင့်ပြည်သူ ၆၀၀၀ ကျော် ဆက်လက်ခိုလှုံနေရ
Published 14 August 2018

သြဂုတ် ၁၁ ရက်မှ စတင်ကာ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၈၃၁ စင်တီမီတာရှိနေရာမှ သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ ၈၄၉ စင်တီမီတာအထိ မြင့်တက်ခြင်းကြောင့် တတိယအကြိမ် မြစ်ရေပြန်လည်မြင့်တက်လာပြီး ဘားအံမြို့ ကယ်ဆယ်ရေးစခန်း ၁၃ ခုတွင် ရေဘေးသင့်ပြည်သူ ၆၂၃၈ ဦးမှာ ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် သြဂုတ် ၈ ရက် နံနက်ပိုင်းက ၎င်း၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၈၃၁ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မြေနိမ့်ရပ်ကွက်အတွင်း နေအိမ်တချို့ ရေပြန်လည်ပေါ်လာခြင်းကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူတချို့နေအိမ်များသို့ ရွှေ့ပြောင်းနေထိုင်ရာမှ ယင်းနေ့ ည ၁၂ နာရီခန့်တွင် သံလွင်မြစ်ရေမှာ ၈၄၆ စင်တီမီတာသို့ ပြန်လည်မြင့်တက်လာသဖြင့် ညတွင်းချင်း ပြန်လည်ခိုလှုံခဲ့ရကြောင်း သိရသည်။

“မြစ်ရေကျဆင်းလာတဲ့အတွက် ကယ်ဆယ်ရေးစခန်းကနေ အိမ်ပြန်လာပြီး ရေက ညတွင်းချင်း တစ်ဟုန်ထိုးမြင့်တက်လာတော့ ကယ်ဆယ်ရေးစခန်းကို ပြန်လည်နေထိုင်ရတယ်။ အခုထိ မြစ်ရေကျရိပ် မမြင်သလို တဖြည်းဖြည်း မြင့်တက်နေတာလေ။ မြစ်ရေတက်လိုက်ကျလိုက် ဖြစ်နေတော့ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ ဘယ်လိုရှေ့ဆက်ခရီးသွားရမှန်းတောင် မသိတော့ပါဘူး” ဟု ဘားအံမြို့ အမှတ် (၁) ရပ်ကွက်အုတ်ဖိုလမ်းနေ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောကြားသည်။

ယခုနှစ် မြစ်ရေကြီးဖုံးလွှမ်းမှုသည် နှစ် ၅၀ ကျော်အတွင်း အမြင့်မားဆုံးစံချိန်ချိုး ရေလွှမ်းမိုးမှုဖြစ်ပြီး မြစ်ရေလွှမ်းမိုးမှု ကာလရှည်ကြာသည့်ဖြစ်စဉ်တစ်ခုဖြစ်ကာ ၂၀၀၂ ခုနှစ်က စံချိန်တင်ထားသော စိုးရိမ်ရေအမှတ်အထက် ၉၃၆ စင်တီမီတာကို ချိုးကာ ၉၃၈ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။