ဒေးဒရဲမြို့နယ် လေးကျေးရွာ အ.ထ.ကခွဲ ကျောင်းမြေနှင့်ပတ်သက်၍ လိမ်လည်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦးနှင့် ကျောင်းအကျိုးဆောင်တို့အား ပထမအကြိမ် ရုံးထုတ်ပြီး အာမခံရရှိ

ဒေးဒရဲမြို့နယ် လေးကျေးရွာ အ.ထ.ကခွဲ ကျောင်းမြေနှင့်ပတ်သက်၍ လိမ်လည်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦးနှင့် ကျောင်းအကျိုးဆောင်တို့အား ပထမအကြိမ် ရုံးထုတ်ပြီး အာမခံရရှိ
Published 14 August 2018

ဒေးဒရဲမြို့နယ်တရားရုံး၌ သြဂုတ် ၁၃ ရက်က ပထမအကြိမ် ရုံးထုတ်စဉ် တရားစွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်သည့်ရှေ့နေက မီဒီယာများကို ဖြေကြားစဉ်

ဒေးဒရဲမြို့နယ် လေးကျေးရွာ အထကခွဲ ကျောင်းမြေနှင့်ပတ်သက်၍ လိမ်လည်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာတစ်ဦးနှင့် ကျောင်းအကျိုးဆောင်တို့အား သြဂုတ် ၁၃ ရက်တွင် ဒေးဒရဲမြို့နယ်တရားရုံး၌ ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ရုံးချိန်းတွင် အလယ်တန်းပြ ကျောင်းဆရာ ဦးမြင့်သိန်းနှင့် ကျောင်းအကျိုးဆောင် ဦးခင်စိန်တို့၏ အာမခံတို့အတွက် အာမခံသူလေးဦးမှ တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ စီ၊ စုစုပေါင်းကျပ်သိန်း ၁၂၀၀ ဖြင့် ဒေးဒရဲမြို့နယ်တရားရုံးမှ အာမခံပေးလိုက်ကြောင်း သိရသည်။

“ဒီနေ့ အာမခံပေး၊ မပေး အမိန့်ချမယ့်နေ့မှာ အာမခံပေးလိုက်ပါတယ်။ အာမခံ လျှောက်ထားခွင့်ရတဲ့ ကျင့်ထုံးဥပဒေ ၄၉၇ (၁) အရ ပေးလိုက်ပါတယ်။ အာမခံတွေကတော့ တစ်ဦးကို သိန်း ၃၀၀ စီ ပေးရပါတယ်” ဟု ကျောင်းဆရာနှင့် ကျောင်းအကျိုးဆောင်တို့ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်လွင်က ပြောကြားသည်။ ထို့နောက် ရုံးချိန်းအား သြဂုတ် ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဦးခင်လတ်အား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ လေးကျေးရွာဒေသခံ ဦးခင်လတ်နှင့် ညီမဝမ်းကွဲတော်စပ်သူ ဒေါ်ထွားတို့မှ ၎င်းတို့လုပ်ပိုင်ခွင့်ရသည့် မြေယာများအနက်မှ မြေတစ်ဧကကို ၂၀၀၀ ပြည့်နှစ်တွင် လက်ရှိလေးကျေးရွာ အ.ထ.ကခွဲ ကျောင်းဆောက်လုပ်ရန် လှူဒါန်းထားခဲ့ကြောင်း၊ အဆိုပါ မြေတစ်ဧကအပြင် ကျောင်းနှင့် ဆက်စပ်နေသည့် ဦးခင်လတ်နှင့် ညီမဝမ်းကွဲတော်စပ်သူ ဒေါ်ထွားတို့၏ မြေနေရာများကို အလယ်တန်းပြကျောင်းဆရာ ဦးမြင့်သိန်းက ၎င်းလုပ်ပိုင်ခွင့်ရ မြေနေရာများအဖြစ် ကျောင်းသို့လှူဒါန်းပြီး လန ၃၉ (လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်) လိမ်လည်လျှောက်ထားခဲ့ကြောင်း၊ ထို့နောက် လက်ရှိကျောင်းအကျိုးဆောင် ကျေးရွာရယကဥက္ကဋ္ဌဟောင်း ဦးခင်စိန်က လန ၃၉ လျှောက်ထားစဉ်အချိန်တွင် ရယကဥက္ကဋ္ဌမဟုတ်ဘဲ ဥက္ကဋ္ဌအဖြစ် လိမ်လည်လက်မှတ် ထိုးပေးခဲ့သည်ဟုဆိုကာ ဦးခင်လတ်က တရားလိုပြုလုပ်၍ ကျောင်းဆရာဦးမြင့်သိန်းနှင့် ကျောင်းအကျိုးဆောင်တို့အား ယခုနှစ် ဇန်နဝါရီလအတွင်းက ဒေးဒရဲမြို့နယ် ကျုံဒါးရဲစခန်းတွင် ရာဇသတ်ကြီးသတ်ဥပဒေပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် တိုင်ကြားခဲ့ခြင်းကြောင့် ကျောင်းဆရာ ဦးမြင့်သိန်းနှင့် ကျောင်းအကျိုးဆောင် ဦးခင်စိန်တို့အား သြဂုတ် ၂ ရက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရဲတပ်ဖွဲ့မှ ပညာရေးဝန်ထမ်းတစ်ဦးကို ဖမ်းဆီးချုပ်နှောင်မှုနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ပုဒ်မ ၁၆၅ အရ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးထံ ခွင့်ပြုချက်တစ်စုံတစ်ရာ မတောင်းခံဘဲ ဖမ်းဆီးစစ်ဆေးခြင်းအတွက် မြို့နယ်ပညာရေးမှူး အပါအဝင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံများက သြဂုတ် ၁၂ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ‘အဂတိကင်းစင်ရေးသည် တရားစီရင်ရေးဖြစ်ထွန်းရေး...ဒို့အရေး’၊ ‘အဂတိကင်းစင်သည့်တရားစွဲ အဖွဲ့အစည်းဖြစ်ထွန်းရေး... ဒို့အရေး’၊ ‘အလယ်တန်းဆရာမြင့်သိန်း၏ နိုင်ငံ့ဝန်ထမ်း အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး... ဒို့အရေး’၊ ‘လေးကျေးရွာကျောင်းမြေသည် ၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃ (က) တွင် အကျုံးဝင်၊ မဝင် စစ်ဆေးရေး...ဒို့အရေး’၊ ‘လေးကျေးရွာကျောင်းမြေ ပုဒ်မ ၆ အရ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခွင့်ရှိ၊ မရှိစစ်ဆေးရေး...ဒို့အရေး’၊ ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေး အရေးယူပေးရေး...ဒို့အရေး’ စသည့်တို့ကို ဗီနိုင်းစာသားများနှင့်အတူ ကြွေးကြော်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ ဒေးဒရဲမြို့နယ် ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်တို့မှ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။