ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ တောင်ပြိုနယ်စပ်သို့ ရောက်ရှိပြီး နယ်စပ်ခြံစည်းရိုးအနီး တဲထိုးနေထိုင်နေသည့် ဘင်္ဂါလီစခန်းများကို ကြည့်ရှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ တောင်ပြိုနယ်စပ်သို့ ရောက်ရှိပြီး နယ်စပ်ခြံစည်းရိုးအနီး တဲထိုးနေထိုင်နေသည့် ဘင်္ဂါလီစခန်းများကို ကြည့်ရှု
Published 12 August 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ နယ်စပ်မှတ်တိုင်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကြစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက တောင်ပြိုနယ်စပ်သို့ ရောက်ရှိခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီး တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီစခန်း အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၁၁ ရက် နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်တွေလေဆိပ်မှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့သို့  နံနက် ၁၀ နာရီကျော်တွင် ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားသို့ ဦးစွာသွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် ချစ်ကြည်ရေးတံတား၊ နယ်စပ်မှတ်တိုင်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကြပြီး ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက်ကာ စခန်းတွင် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ လဝက လုပ်ငန်းစဉ်များကို စခန်းရှိ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စခန်းတွင် ကြိုတင်ပြင်ဆင်ထားသည့် ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့မည့် အခြေအနေနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အခြေအနေများ၊ လက်ခံမည့် အိပ်ဆောင်များအား ကြည့်ရှုခဲ့ကြပြီး နှစ်နိုင်ငံခြား စည်းရိုးအနီးတွင် ယာယီနေထိုင်သည့် ဘင်္ဂါလီစခန်းသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်သွားရောက်ကာ ယာယီစခန်းရှိ နေထိုင်သူများ၏ အခြေအနေများကို မြန်မာဘက် တောင်ကုန်းပေါ်မှ ကြည့်ရှုခဲ့ကြပြီး နံနက် ၁၁ နာရီကျော်တွင် ပြန်လည်ထွက်ခွာ ခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့သည် တောင်ပြိုလက်ဝဲမှ စစ်ရဟတ်ယာဉ် ဖြင့် ၁၁ နာရီ ၂၂ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာ ခဲ့ဲကြကြောင်း သိရသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန်မာမွတ်အလီနှင့် အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိခဲ့ကာ စခန်းတည်ဆောက်ထားမှုကို ကြည့်ရှုပြီး နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် လှဖိုးခေါင်ကြားစခန်းသို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ်ဆန်မာမွတ်အလီ ဦးဆောင်သော ကိုယ်စားလှယ်များနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော လုံနယ်ဝန်ကြီးဗိုလ်မှူးကြီးဖုန်းတင့်၊ လမ်းပန်းဝန်ကြီး ဦးအောင်ကျော်ဇံတို့ လိုက်ပါခဲ့ကြောင်း သိရသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့သည် အောင်ဗလ၊ ပန်းတောပြင်၊ ကိုင်းကြီးကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။