အမြန်လမ်းမကြီး ၁၀၅ မိုင်အနီးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတည်း လိုက်ပါလာသော စေတမန်ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား

အမြန်လမ်းမကြီး ၁၀၅ မိုင်အနီးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတည်း လိုက်ပါလာသော စေတမန်ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား
Published 11 August 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၀၅ မိုင်အနီးတွင် သြဂုတ် ၁၀ ရက် ညနေက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတည်း လိုက်ပါလာပြီး နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော စေတမန်ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဖြူးအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း စောလားဘွယ် (၄၄ နှစ်) (ဘ)ဦးစောဂလိုရီ၊ တောင်ငူမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် ၁ဏ/---- စေတမန် ခရီးသည်တင်မှန်လုံယာဉ်မှာ လမ်းမကြီးမိုင်တိုင်အမှတ် ၁၀၅ မိုင် ၇ ဖာလုံနှင့် ၁၀၆ မိုင်အကြားအရောက် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ လမ်းမပေါ်သို့ တုံးလုံးလဲကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

စေတမန်ယာဉ်တိမ်းမှောက်သည့် အခြေအနေနှင့်ပတ်သက်၍ ဖြူးအမြန်လမ်းမကြီးစခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးက “၁၀၅ မိုင် ၇ ဖာလုံနဲ့ ၁၀၆ မိုင် ၀ ကြားမှာ မှောက်တာပါ။ နေပြည်တော်ရန်ကုန်ဘက်ခြမ်းမှာ ဖြစ်တာပါ။ စလစ်ဖြစ်ပြီးတော့ လမ်းလယ်ကျွန်းဘက်မှာ လဲသွားတာပါ။ ခရီးသည်တော့မပါပါဘူး။ ဒဏ်ရာရတာကတော့  စပယ်ယာတစ်ယောက်ကတော့ လက်ချောင်းလေးတွေ ဘာလေးတွေမှာ ပွန်းပဲ့တဲ့ဒဏ်ရာ နည်းနည်းရသွားတာပါ။ စိုးရိမ်ရလောက်တဲ့ ဒဏ်ရာရရှိတာမျိုး မရှိပါဘူး” ဟု ပြောကြားသည်။

ယာဉ်မောင်းဖြစ်သူ စောလားဘွယ်မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ယာဉ်နောက်လိုက်ဖြစ်သူ သန်းထိုက်အောင် ၄၃ နှစ် (ဘ) ဦးသန်းထိုက်၊ ထီးလှိုင် ၁ ရပ်ကွက်၊ တောင်ငူမြို့နေသူတွင် ဝဲတင်ပါးပွန်းပဲ့ဒဏ်ရာ၊ ယာလက်ညှိုး ဝဲဘက်ခြေခုံနှင့်ဝဲပါးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး စေတမန်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဘယ်ခြမ်းဘော်ဒီပျက်စီး၊ ဝဲဘက်ခြမ်း လေကာမှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။     ဇော်ဝင်းချစ်