CAS Report တွင် ထည့်သွင်းမည့် အချက်အလက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းအစည်းအဝေးပြုလုပ်

CAS Report တွင် ထည့်သွင်းမည့် အချက်အလက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Published 11 August 2018

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် သြဂုတ် ၁၀ ရက်ကပြုလုပ်သော အစည်းအဝေးကို တွေ့ရစဉ်

CAS Report (the Credential Assembly Service Report) တွင် ထည့်သွင်းမည့် အချက်အလက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အဆိုပါအစည်းအဝေးကို သြဂုတ် ၁၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ကျင်းပခဲ့သည့် (၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာ နိုင်ငံက Freedom of Association and Protection of the Right to Organize Convention,1984 (No.87) အား လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်၍ ILO စံနှုန်းများ လိုက်နာကျင့်သုံးမှုကော်မတီတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“အကောင်အထည်ဖော်မယ်ဆိုတာကတော့ ဟိုကပြန်လာကတည်းက သက်ဆိုင်ရာဌာနတွေကို ဒီလိုပဲ သဘောထားမှတ်ချက်တွေ ချပေးခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာဌာနတွေက အစီရင်ခံစာမှာ တင်ပြမယ့်အချက်တွေကို ပြင်ဆင်ထားပါ။ တင်ပြရမယ့်အချက်တွေကို ပို့ပါဆိုတာကို ဝန်ကြီးဌာနအနေနဲ့ Focal Ministry တာဝန်ခံ ဝန်ကြီးဌာနဖြစ်တဲ့အတွက် ပို့ပြီးပါပြီ။ သူတို့ဆီကလည်း ပြန်ကြားလာပါတယ်။ အဲဒီပြန်ကြားချက်တွေကို ဒီမှာ မျက်နှာချင်း ဆိုင်ပြီးတော့ အစီရင်ခံစာမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းဖော်ပြမယ်၊ ဘယ်လို ဖော်ပြမယ်ဆိုတာကို ညှိနှိုင်းတာဖြစ်ပါတယ်”  ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် အထူးစီးပွားရေဇုန်ဥပဒေ  စသည့် ဥပဒေများကို အကောင်အထည်ဖော်မှု အားနည်းကြောင်း ILO စံနှုန်းများ လိုက်နာကျင့်သုံးမှုကော်မတီက သုံးသပ်ခဲ့ပြီး Direct Contacts Mission တစ်ခုလုပ်ရန် အပါအဝင် မှတ်ချက်ခြောက်ချက် ချမှတ်ခဲ့သည့်အပေါ် တိုးတက်မှုအစီရင်ခံစာ ပြုစုနိုင်ရန်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း လုပ်ဆောင်ရန် ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “အလုပ်သမား အဖွဲ့အစည်းတွေကို လွတ်လပ်စွာဖွဲ့စည်းခွင့် အားနည်းတယ်။ အလုပ်သမားအငြင်းပွားမှု ကိစ္စတွေလည်းပဲ အားနည်းတယ်။ ဒါ တွေ သူတို့ပြောတယ်။ ဒါ့ကြောင့်မို့လို့ ILO ကနေပြီးတော့ Direct Contacts Ministry တိုက်ရိုက်ဆက်သွယ်တဲ့ အဖွဲ့တစ်ခုစေလွှတ်ချင်တယ်။ ပြီးတော့မှ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို ဥပဒေတွေပြဋ္ဌာန်းထားလဲ။ ဘယ်လိုအသင်းအဖွဲ့တွေကို ဆောင်ရွက်ပေးနေလဲဆိုတဲ့ ကိစ္စလေးတွေကို လာရောက်လေ့လာချင်တဲ့ သဘောပါ။ ဒါကြောင့်မို့လို့ ဒီလိုစည်းဝေးဆုံးဖြတ်ပြီးတော့မှ သဘောထား မှတ်ချက်တွေ ပေးတာဖြစ်ပါတယ်”  ဟု ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက Focal Ministry  အဖြစ် တာဝန်ယူပြီး ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့်စပ်လျဉ်း၍ စက်တင်ဘာလဆန်းတွင် တိုးတက်မှု အစီရင်ခံစာပြုစုကာ ILO ထံ ပေးပို့ရမည်ဖြစ်ပြီး အဆိုပါအစီရင်ခံစာတွင် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချက်အလက်များသာမက ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုပါ ရှင်းလင်းစွာ ထည့်သွင်းဖော်ပြရမည်ဖြစ် ကြောင်း သိရသည်။