၂၀၀၅ ခုနှစ်မှစ၍ မည်သည့်သတ္တဝါ၏ အသက်ကိုမှမသတ်ခဲ့ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်ကလည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်၍ စည်းကမ်းလိုက်နာသောကြောင့် အရေးယူအပြစ်ပေးခံရခြင်းများ မရှိခဲ့ကြောင်း တရားခွင်တွင် ဇေယျာဖြိုး ထွက်ဆို

၂၀၀၅ ခုနှစ်မှစ၍ မည်သည့်သတ္တဝါ၏ အသက်ကိုမှမသတ်ခဲ့ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်ကလည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်၍ စည်းကမ်းလိုက်နာသောကြောင့် အရေးယူအပြစ်ပေးခံရခြင်းများ မရှိခဲ့ကြောင်း တရားခွင်တွင် ဇေယျာဖြိုး ထွက်ဆို
Published 11 August 2018

ဦးကိုနီအမှုမှ တရားစွဲဆိုခံရသူများကို သြဂုတ် ၁၀ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

၂၀၀၅ ခုနှစ်မှစ၍ မည်သည့်သတ္တဝါ၏ အသက်ကိုမှ မသတ်ခဲ့ကြောင်း တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်ကလည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ စည်းကမ်းလိုက်နာသောကြောင့် အရေးယူအပြစ်ပေးခံရခြင်းများ မရှိခဲ့ကြောင်း ဦးကိုနီအမှုတွင် ဖမ်းဆီးခံထားရသည့် ဇေယျာဖြိုးက တရားခွင်တွင် ထွက်ဆိုသည်။

သြဂုတ် ၁၀ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ဦးကိုနီ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲဆို ခံထားရသူများကို ရုံးထုတ်ခဲ့ပြီး တရားခွင်တွင် ဇေယျာဖြိုးက ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ဇေယျာဖြိုးက ၎င်းသည် ၁၉၉၃ ခုနှစ်က စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၈ တွင်တက်ရောက်ခဲ့ကြောင်း၊ စစ်တက္ကသိုလ် လေးနှစ်တာကာလတွင် စည်းကမ်းကောင်းမွန်သူဖြစ်၍ ဗိုလ်လောင်းတိုင်း ကိုယ်နှင့်မကွာ ဆောင်ထားရသော ဗိုလ်လောင်းစည်းကမ်းစာအုပ်တွင် တစ်ကြိမ် တစ်ခါမျှ မင်နီရေးမှတ်ခြင်း မခံခဲ့ရကြောင်း၊ ထိုစဉ်က ကျင်းပခဲ့သော ပြိုင်ပွဲတစ်ခုတွင် ပထမနှစ်မှ စတုတ္ထနှစ်အထိ ပထမချည်းရခဲ့ကြောင်း၊ ယင်းနောက် ဒုတိယဗိုလ်အဖြစ် ခမရ ၄၃၁ တွင် ထောက်လှမ်းရေးအရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းကာလတွင်လည်း စစ်စည်းကမ်းများကို တိကျစွာလိုက်နာပြီး ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ တာဝန်ကျရာဒေသ၌လည်း မည်သူနှင့်မျှ ပြဿနာမဖြစ်ခဲ့သဖြင့် အရေးယူအပြစ်ပေးခံရခြင်းများ မရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိယဗိုလ်အဖြစ်မှ ဗိုလ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရကြောင်း၊ ထို့ပြင် သတ်မှတ်အရည်အချင်းကိုက်ညီ၍ တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အဖြစ် အစမ်းခန့် ခြောက်လရွေးချယ်ခံခဲ့ရကြောင်း၊ ထိုစဉ်က အငယ်ဆုံးအရာရှိဖြစ်ခဲ့ပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရကာ ဗိုလ်ကြီးအဆင့် တိုးမြင့်ခြင်းသို့ ခံခဲ့ရကြောင်း၊ တာဝန်ထမ်းဆောင်စဉ်တွင် စည်းကမ်းလိုက်နာပြီး ဥပဒေ နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့သဖြင့် အမည်ပျက်မရှိခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ဂျန်းရှင်း အိတ်ရှော့ပင်းစင်တာ လျှောက်လမ်း၌ မိုဘိုင်းဖုန်းပစ္စည်းများ ရောင်းချခဲ့ကြောင်း၊ အဆိုပါဆိုင်မှာ ဂျန်းရှင်းအိတ်ဗုံး ပေါက်ကွဲမှုတွင်ပါသွားကြောင်း၊ ထို့နောက် နေပြည်တော်မှ သူငယ်ချင်းက ငွေထုတ်ပေးခဲ့သဖြင့် လုပ်ငန်းများပြန်လည် စတင်ခဲ့ကြောင်း၊ ဥပဒေနှင့် မညီသော စီးပွားရေးလုပ်ငန်းများနှင့် မပတ်သက်ခဲ့ကြောင်း ၊ ယင်းနောက် စက်သုံးဆီ အရောင်းအဝယ်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မတိုင်မီအထိ လစဉ်ရောင်းအားမှာ ဂါလန်တစ်သိန်းကျော်ကြောင်း၊ ထိုသို့ကြိုးစားမှုများကြောင့် လုပ်ငန်းပေါင်းရာနှင့်ချီ၍ လုပ်ကိုင်ရသော ကုမ္ပဏီအဖြစ်သို့ ရောက်ရှိလာကြောင်း ထွက်ဆိုသည်။

ထို့ပြင် ဇေယျာဖြိုးက မိဘများက ဥပဒေကို လေးစားလိုက်နာပြီး ဘာသာတရား ကိုင်းရှိုင်းသူများဖြစ်ရန် ဆုံးမထားသဖြင့် ညီအစ်ကိုမောင်နှမများလည်း ဆုံးမသည့်အတိုင်း နေထိုင်သူများဖြစ်ကြောင်း၊ ရာဇဝတ်မှုနှင့် နာမည်ပျက်များလည်းမရှိကြောင်း၊ မိသားစုအနေဖြင့် နှစ်စဉ် တရားရိပ်သာတစ်ခုခုတွင် အားထုတ်လာကြသည်မှာ ၁၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အခြားဘာသာရေး အလုပ်များဖြစ်သည့် ပရိတ်ပဋ္ဌာန်းရွတ်ခြင်း၊ တရားနာခြင်း၊ ဝိပဿနာတရားများ အားထုတ်ခြင်းစသည် တို့ကိုလည်း ဆောင်ရွက်သည့်အပြင် ၂၀၀၅ ခုနှစ်မှစ၍ မည်သည့်သတ္တဝါ၏ အသက်ကိုမျှ မသတ်ခဲ့ကြောင်း၊ မိသားစုဝင်များကိုလည်း မသတ်ရန် တားမြစ်ထားကြောင်း ဇေယျာဖြိုးက တရားခွင်၌ ထွက်ဆိုခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။

ထို့ပြင် ၎င်းင်းမှာ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ အထိ စစ်တက္ကသိုလ်တွင် ကျောင်းတက်နေစဉ် အောင်ဝင်းခိုင်နှင့် တပ်ခွဲတစ်ခွဲတည်းတွင် အတူနေထိုင်ရကြောင်း၊ အောင်ဝင်းခိုင်မှာ အပတ်စဉ် ၃၆ မှဖြစ်၍ ၎င်းထက် နှစ်နှစ်စီနီယာကျသူဖြစ်ပြီး သိကျွမ်းယုံမှလွဲ၍ ဆက်စပ်မှုမရှိကြောင်း၊ ထို့ပြင် ၎င်းနှင့်အမှုတွဲတစ်တွဲမှ တရားရင်ဆိုင်နေရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့်လည်း သိကျွမ်းခြင်းမရှိကြောင်း ထွက်ဆိုသည်။

အောင်ဝင်းခိုင်နှင့် ၁၉၉၅ ခုနှစ် ကျောင်းဆင်းပြီးနောက်ပိုင်း ထပ်မံတွေ့ဆုံခြင်းမရှိကြောင်း မိမိ၏ ကုမ္ပဏီမှာလည်း မိသားစုပိုင်ဖြစ်သောကြောင့် အောင်ဝင်းခိုင်နှင့် ဆက်စပ်မှုမရှိကြောင်း၊ ဟောင်ကောင်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံမှာလည်း မိမိ၏မိတ် ဆွေဖခင်၏ နာရေးသို့ သွားရာမှာ ရိုက်ကူးထားခြင်းဖြစ်ပြီး အောင်ဝင်းခိုင်၊ ဦးလင်းဇော်ထွန်းတို့နှင့် အမှတ်တရ ရိုက်ကူးထားခြင်းသာဖြစ်ကြောင်း ဇေယျာဖြိုးက ထပ်မံထွက်ဆိုသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်စပ်လျဉ်း၍ စွဲချက်တင်ခံထားရသူလေးဦးအနက် ကြည်လင်းနှင့် အောင်ဝင်းဇော်ကို စစ်ဆေးပြီးစီးခဲ့ပြီးလက်ရှိတွင် ဇေယျာဖြိုးအား စစ်ဆေးနေခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် တရားခံအနေဖြင့် အစစ်ခံခြင်း၊ သက်သေအနေဖြင့် အစစ်ခံခြင်းနှစ်မျိုးရှိသည့်အနက် ဇေယျာဖြိုးက သက်သေအနေဖြင့် အစစ်ဆေးခံနေခြင်း ဖြစ်သည်။