သင်္ဃန်းကျွန်းမြို့နယ်တွင် အကြွေး ကျပ်သိန်း ၃၀ တောင်းရာမှ လူသတ်မှုကျူးလွန်ခဲ့သည့် ကျောင်းဆရာမနှင့် ၎င်း၏မွေးစားသမီးတို့အား ထောင်ဒဏ်အနှစ် ၃၀ အမိန့်ချ

သင်္ဃန်းကျွန်းမြို့နယ်တွင် အကြွေး ကျပ်သိန်း ၃၀ တောင်းရာမှ လူသတ်မှုကျူးလွန်ခဲ့သည့် ကျောင်းဆရာမနှင့် ၎င်း၏မွေးစားသမီးတို့အား ထောင်ဒဏ်အနှစ် ၃၀ အမိန့်ချ
Published 10 August 2018

သင်္ဃန်းကျွန်းမြို့နယ်တွင် အကြွေး ကျပ်သိန်း ၃၀ တောင်းရာမှ လူသတ်မှုကျူးလွန်ခဲ့သည့် ကျောင်းဆရာမနှင့် ၎င်း၏မွေးစားသမီးတို့အား ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့ကြောင်း သြဂုတ် ၉ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ကျောင်းဆရာမ ဒေါ်အေးအေးမော် (ခ) အင်ကြင်းခိုင် (၄၆ နှစ်) နှင့် မွေးစားသမီး မကျော့ကေခိုင် (ခ) ကျော့ဆုပန် (ခ) ချစ်ပု (၂၆ နှစ်) တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ယင်းပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဒေါ်အေးအေးမော်၏သမက် ညီညီလင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၄ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ၂၀၁၆ ခုနှစ် ဇွန် ၂၀ ရက်က သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် ၅ လမ်းရှိ ပထမထပ်တိုက်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က စုံစမ်းရာ သေဆုံးသူ ဒေါ်.... မှာ ၂၀၀၇ ခုနှစ်ခန့်မှစ၍ ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်း သိရသဖြင့် ဒေါ်အေးအေးမော်၏ လိပ်စာအား အဖွဲ့များခွဲ၍ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူ ကျောင်းဆရာမမှာ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် အနော်ရထာလမ်းတွင် နေထိုင်ကြောင်း သိရှိရ၍ သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိဘဲ တစ်လမ်းတည်းနေ ၎င်း၏မွေးစားသမီး၏ နေအိမ်တွင် သွားရောက်ရှာဖွေခဲ့ရာ သမီး မကျော့ကေခိုင် (ခ) ချစ်ပုနှင့် သမက်ညီညီလင်းတို့ကိုသာ တွေ့ရှိခဲ့ပြီး မကျော့ကေခိုင် (ခ) ၏ လက်ချောင်းများတွင် ဒဏ်ရာအနည်းငယ် ရရှိထားသည်ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေါ်အေးအေးမော် သွားလာတတ်ရာနေရာများအား မေးမြန်းရာ စိန်တောင်ကြီးဟိုတယ်တွင် အမျိုးသားတစ်ဦးနှင့် တည်းခိုနေထိုင်လျက်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၎င်းတို့သုံးဦးအား စစ်ဆေးရာ ဇွန် ၂၀ ရက်တွင် အသတ်ခံရသူထံမှ အကြွေးတောင်းမည်ဟု ထွက်လာခဲ့ရာ သမက်မှာ လက်ဖက်ရည်ဆိုင်တွင် ကျန်နေခဲ့ကြောင်း၊ တိုက်ခန်းပေါ်သို့ အရောက်တွင် ရရန်ရှိသော ကျပ်သိန်း ၃၀ တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး စကားများကြပြီး ဒေါ်အေးအေးမော်က စတင်ရိုက်နှက်ရာ ဒေါ်.... က ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ဆွဲသဖြင့် မကျော့ကေခိုင် (ခ) ချစ်ပုက ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ဒေါ်....က ဓားမဖြင့်ခုတ်ရာ မကျော့ကေခိုင်၏ ယာဘက်လက်ချောင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်အေးအေးမော်က ဒေါ်.... အား ရေချိုးခန်းအတွင်းသို့ တွန်းလှဲကာ လည်ပင်းနှင့် ပါးများကို ဓားမဖြင့် ထိုးခုတ်ခဲ့ကြောင်း၊ ယင်းနောက် သမီးအား အိပ်ခန်းအတွင်းမှ ခေါင်းအုံးယူခိုင်းကာ ဒေါ်.... ၏မျက်နှာအား ဖိထားပြီး ဒေါ်.... ဝတ်ဆင်ထားသော ဆွဲကြိုးနှင့် လက်ကောက်သုံးကွင်းအား ဖြုတ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဆွဲကြိုးနှင့် လက်ကောက်တို့အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၄) ရပ်ကွက် စည်ပင်လမ်း အပေါင်ဆိုင်နှင့် ငွေချေးလုပ်ငန်းတွင် မကျော့ကေခိုင်၊ သမက် ညီညီလင်းတို့နှင့်အတူ ကျပ် ၂၁ သိန်းဖြင့် ပေါင်နှံခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။