SNLD ပါတီဥက္ကဋ္ဌရာထူးမှ လွန်ခဲ့သည့် တစ်လကျော်ကပင် အနားယူထားပြီး မျိုးဆက်သစ်များအတွက် လမ်းဖွင့်ပေးထားရမည်ဟု ဦးခွန်ထွန်းဦး ပြောကြား

SNLD ပါတီဥက္ကဋ္ဌရာထူးမှ လွန်ခဲ့သည့် တစ်လကျော်ကပင် အနားယူထားပြီး မျိုးဆက်သစ်များအတွက် လမ်းဖွင့်ပေးထားရမည်ဟု ဦးခွန်ထွန်းဦး ပြောကြား
Published 10 August 2018

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအနေဖြင့် လွန်ခဲ့သည့် တစ်လကျော်ကပင် ပါတီဥက္ကဋ္ဌရာထူးမှ အနားယူထားပြီး မျိုးဆက်သစ်များအတွက် လမ်းဖွင့်ပေးထားရမည်ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿရိပ်သာတွင် သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများ ညီလာခံအပြီးတွင် ဦးခွန်ထွန်းဦးက မီဒီယာများကို ထိုသု့ိ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခွန်ထွန်းဦးအနေဖြင့် SNLD ဥက္ကဋ္ဌ ရာထူးမှ အနားယူခြင်း မယူခြင်းနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်သွားမည်ဟု ယခင်က SNLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားထားသည်။

ခါးနာနေသည့်အတွက် မကြာမီဘန်ကောက်သို့ သွားရောက်၍ ဆေးဝါးကုသမှု ခံယူမည်ဖြစ်ပြီး ထိုသို့ ဆေးဝါးကုသမှုကြောင့် ခါးနာဝေဒနာ သက်သာကောင်းမွန်ပါက SNLD ပါတီတွင် ပြန်လည်ဝင်ရောက်လိုပါက ဝင်ရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီဥက္ကဋ္ဌ ရာထူးအတွက် လူမရှိသေးကြောင်းလည်း ဦးခွန်ထွန်းဦးက ပြောကြားသည်။

“သူတို့ ဆုံးဖြတ်ချင်ဆုံးဖြတ်ပါစေ။ ရပါတယ်။ ကျွန်တော်ကတော့ အခြေအနေကောင်းရင် ကုလို့ရရင် ဘန်ကောက်သွားကုလို့ ရရင်ဝင်ချင်ရင် ဝင်မှာပေါ့။ သူတို့ကတော့ လူတော့ မရှိသေးဘူး။ ကျွန်တော့်ကိုလည်း မထွက်စေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြောထားပြီးသားပဲ။ ရှာတော့လို့။ ရှင်းရှင်းပြောရရင် မကောင်းတော့ဘူးလေ။ ကျွန်တော့် Main Idea က ကျွန်တော်တစ်ယောက်တည်း ပိတ်ထားလို့တော့ မရဘူး။ New Generation ကို ဖွင့်ထားပေးရမှာ” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

ထို့ပြင် ပြိုကွဲနေသော နိုင်ငံရေးအင်အားစုများကို ပြန်လည်စုစည်းလိုသည့်အတွက် ပါတီတည်ထောင်ကာ နိုင်ငံရေးလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ နိုင်ငံရေးလုပ်ခြင်းသည် အာဏာရရှိရေးအတွက် မဟုတ်ကြောင်းလည်း ဦးခွန်ထွန်းဦးက ပြောကြားသည်။

Most Read

Most Recent