အောင်လံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၂၀ ကျော်အထိ ရှိလာပြီး ယခင်နှစ်များကထက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေ

အောင်လံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၂၀ ကျော်အထိ ရှိလာပြီး ယခင်နှစ်များကထက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေ
Published 8 August 2018

အောင်လံမြို့ပေါ်ရှိ ဆေးခန်းတစ်ခုတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် လာရောက်သူအချို့အား တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၂၀ ကျော်အထိရှိလာပြီး ယခင်နှစ်များကထက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ်က အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၀၀ ကျော်သာရှိခဲ့ပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့ကြောင်း ယခုနှစ်တွင် ယခင်နှစ်ကထက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရောဂါကြောင့် သေဆုံးသူ မရှိသေးကြောင်း အောင်လံမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ပြောကြားသည်။

“တုပ်ကွေးနဲ့ ပြည်မှာသွားကုရင်လည်း ပြည်ဆေးရုံကနေ ဒီကိုလှမ်းချိတ်တယ်ပေါ့။ အောင်လံကလူနာ တက်ရောက်နေတယ်ပေါ့။ နောက်ပြီး ပြင်ပဆေးခန်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။ အခုနှစ်က ဖြစ်ပွားတဲ့ လူဦးရေ ပိုများလာတယ် ဆိုတာက စစ်ဆေးတဲ့ ကိရိယာအစိုးရက ဆေးရုံကို ၈၀ လောက် ချထားပေးတာဆိုတော့ များများစစ်တော့ တွေ့တယ်ပေါ့။ လောလောဆယ် စာရင်းတွေအရ ဖြစ်ပွားတဲ့လူ ၁၂၄ ဦးရှိပါတယ်။ သေဆုံးသူတော့ မရှိသေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

ကျန်းမာရေးဌာနမှ ဦးဆောင်၍ ဇွန်လမှစတင်ပြီး အောင်လံမြို့နယ်အတွင်း ကျေးရွာရပ်ကွက်များအား အပတ်စဉ် စနေနေ့တိုင်း သွေးလွန်တုပ်ကွေး ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။