တိုးမြစ်မှ ရေစီးဝင်နှုန်းများမှုကြောင့် ကမ်းပြိုမှု နှစ်စဉ်ဖြစ်ပေါ်နေသည့် တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်နေ

တိုးမြစ်မှ ရေစီးဝင်နှုန်းများမှုကြောင့် ကမ်းပြိုမှု နှစ်စဉ်ဖြစ်ပေါ်နေသည့် တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်နေ
Published 6 August 2018

တိုးမြစ်မှ ရေစီးဝင်မှုနှုန်းများပြားမှုကြောင့် ကမ်းပြိုမှုများနှစ်စဉ်ဖြစ်ပေါ်နေသည့် တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်နေကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

တွံတေးတူးမြောင်း ၃.၅မိုင်ရှိ အကောက်စခန်းနှင့် လက်ပံကုန်းကျေးရွာအနီး ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို  လုပ်ငန်းခွဲခြောက်ခုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  လက်ပံကုန်းကျေးရွာဘက်တွင် လုပ်ငန်းလေးခု အလျား ၃၂၀၀ပေနှင့် အကောက်ခွန်စခန်း ဘက်အခြမ်းတွင် လုပ်ငန်းနှစ်ခု အလျား ၈၁၇ ပေဖြစ်ရာ စုစုပေါင်း အလျား၄၀၁၇ အား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင် ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းပြင် အဆိုပါလုပ်ငန်းနှင့် တဆက်တည်း တွံတေးတူးမြောင်း ၃.၅ မိုင်နှင့် ၇ မိုင် အကြားတွင် အခြေထိန်း ကွန်ကရစ်ပိုင်တိုင်တန်းနှင့်  PVC Sheet Pile များဖြင့် စုစုပေါင်း အလျား ၉၇၇၀ ပေ ကာကွယ်ထိန်း သိမ်းထား ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ တိုးမြစ်မှ  ရေစီးဝင်မှု များပြားမှုကြောင့် တူးမြောင်းတစ်လျှောက် ကမ်းပြိုမှု များနှစ်စဉ်ဖြစ်ပေါ်နေသည့် အတွက် ရေစီးဝင်မှုလျော့ကျစေသော ရေကာတာများဖြင့် ၂၁မိုင်တွံတေးဝတွင် လည်းကောင်း၊ ကမ်းပြိုလျက်ရှိသည့် တွံတေးမြို့အနီးတွင်လည်း ကောင်း၊ ၃.၅မိုင်အနီးတွင် လည်းကောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရန်ကုန် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်းသည် အရှည်အားဖြင့် ၂၁မိုင်ရှိပြီး ရန်ကုန်မြို့နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် ဒေးဒရဲ၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်၊ ဘိုကလေး၊ လပ္ပတ္တာ၊ မြောင်းမြအစရှိသည့် မြို့များအကြား အဓိကကုန်စည်စီးဆင်းရာ ရေလမ်းကြောင်း တစ်ခု ဖြစ်သည်။

အဆိုပါတွံတေးတူးမြောင်း၏ ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် တည်ငြိမ်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ ၆၁ ဒသမ ၃သန်းချေးယူရန် ကိုရီးယားနိုင်ငံမှ သဘောတူညီမှုရယူထားပြီးဖြစ်ကာ ယင်းသို့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကိုရီးယားနိုင်ငံ  ISAN ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

တွံတေးတူးမြောင်းကို ၁၈၀၃ခုနှစ်တွင်  အင်္ဂလိပ်တို့မှ လူအင်အားသုံးကာ အရှည်သုံးမိုင်ခွဲဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စတင်ဖောက်လုပ်ခဲ့စဉ်က ရေကို ထိန်းသိမ်းထားသည့် စနစ်ကြောင့် ကာလကြာသောအခါ ယိုယွင်းလာပြီး သုံးမိုင်ခွဲတွင် ဧရာမဝဲကြီး တစ်ခုဖြစ်ခဲ့ပြီး အဆိုပါဝဲကြီးအတွင်း သင်္ဘော များ မှောက်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။ အဆိုပါ ဝဲကြီးကို ပြေပျောက်စေရန် ၁၉၉၀ပြည့်နှစ်အတွင်းက မြစ်ကြောင်း ချဲ့ထွင်ခဲ့သော်လည်း ယခုကာလတွင် အဆိုပါဝဲကြီးကဲ့သို့ တွံတေး တူးမြောင်း သုညမိုင်အနီး ပြန်လည်ဖြစ်ပေါ်နေ ခြင်းကြောင့် ကမ်းပြိုမှုထိန်းသိမ်းရန် ခက်ခဲခြင်း၊ ရေလမ်းတည်ငြိမ်ရန် ခက်ခဲခြင်းဖြစ်ကာ တူးမြောင်းတစ်လျှောက်ရှိ ကမ်းပြို ကမ်းစားမှု များကိုလည်း တစ်ပါတည်း ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent