ကရင်ပြည်နယ်အတွင်း ရေကြီးရေလွှမ်းမိုးမှုကာလ ကြာနေပါက မြို့နယ်ငါးမြို့နယ်ရှိ ရေဝင်နစ်မြုပ် မိုးစပါးစိုက်ဧက ၅၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးနိုင်ဟု ဆို

ကရင်ပြည်နယ်အတွင်း ရေကြီးရေလွှမ်းမိုးမှုကာလ ကြာနေပါက မြို့နယ်ငါးမြို့နယ်ရှိ ရေဝင်နစ်မြုပ် မိုးစပါးစိုက်ဧက ၅၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးနိုင်ဟု ဆို
Published 3 August 2018

ဘားအံမြို့နယ်တွင် စိုက်ပျိုးပြီး မိုးစပါးစိုက်ဧကအချို့ကို တွေ့ရစဉ်

ကရင်ပြည်နယ် မြို့နယ်ငါးမြို့နယ်အတွင်း ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးမှုကာလကြန့်ကြာနေပါက ရေဝင်နစ်မြုပ်သည့် မိုးစပါးစိုက်ပြီး ဧက ၅၂၇၇၈ ဧကမှာ ပျက်စီးဆုံးရှုံးနိုင်ဖွယ် အခြေအနေရှိကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းလှိုင်ဦးက ဆိုသည်။

ဘားအံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီး ဧက ၄၂၄၈၀၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၃၉ ဧက၊ ကော့ကရိတ်မြို့နယ်တွင် ၅၈၇၅ ဧကတို့မှာ ရေကြီးရေလွှမ်းမိုးမှုကာလ ကြန့်ကြာပါက ပျက်စီးဆုံးရှုံးနိုင်ဖွယ် အခြေအနေရှိကြောင်း သိရသည်။

“လက်ရှိရေကြီး ရေလွှမ်းမိုးမှုက ၁၀ ရက်ကျော်လာပြီဆိုတော့ မိုးစပါးစိုက်ခင်းတွေအတွက် စိုးရိမ်စရာ အခြေအနေ ရှိလာတယ်။ ရေမြုပ်ခံစပါးပင်တွေအနေနဲ့ သုံးပတ်လောက်အထိ နစ်မြုပ်ခံနိုင်ရည်ရှိတယ်။ သုံးပတ်ကျော်လာရင်တော့ စိုးရိမ်စရာ အနေအထားပေါ့။ လက်ရှိရေလွှမ်းမိုးမှုက မြစ်ရေချိန်နည်းနည်းလျော့ပေမယ့် ရေလွှမ်းမိုးမှုက ရှိနေတုန်း အခြေအနေလေ။ ရေလွှမ်းမိုးမှုကြန့်ကြာနေရင် စိုးရိမ်ရမယ့် သဘောမှာရှိတယ်” ဟု ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ရေကြီးရေလွှမ်းမိုးမှု ခံစားရသည့် မြို့နယ်ငါးမြို့နယ်ရှိ မိုးစပါး စိုက်ပျိုးပြီးဧကများကို ရေပြန်လည်ကျဆင်းပါက သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဖွဲ့တို့ ပူးပေါင်းကာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ကွင်းဆင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။