နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးကိစ္စရပ် အပါအဝင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ မြန်မာ-လာအို ဆွေးနွေး

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးကိစ္စရပ် အပါအဝင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ မြန်မာ-လာအို ဆွေးနွေး
Published 25 July 2018

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Saleumxay KOMMASTTH တို့သည် ဇူလိုင် ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးကိစ္စရပ် အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားဆိုင်ရာ နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့်နယ်ပယ်စုံ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် လာအိုကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ မကျင်းပမီ နံနက်ပိုင်းက  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  လာအိုဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Saleumxay KOMMASTTH တို့သည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊  ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent