အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုမည့်အပြင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်များ လွှဲပြောင်းထမ်းဆောင်ကြမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ယနေ့စတင်ကျင်းပ

အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုမည့်အပြင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်များ လွှဲပြောင်းထမ်းဆောင်ကြမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ယနေ့စတင်ကျင်းပ
Published 22 July 2018

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အဓိကထား ဆွေးနွေးအတည်ပြုမည့်အပြင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များ လွှဲပြောင်းထမ်းဆောင်ကြမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးကို ယနေ့ (ဇူလိုင် ၂၃) ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

လွှတ်တော်ရုံးအသီးသီးက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးများကို ဇူလိုင် ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပြီး လွှတ်တော်အသီးသီး၏ ဇူလိုင် ၂၃ ရက်အတွက် အစည်းအဝေး အစီအစဉ် လျာထားချက်များကိုလည်း ထုတ်ပြန်ထားသည်။

လွှတ်တော်အစည်းအဝေး ကာလအတွင်း လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်တွင် ပါရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း အပါအဝင် လွှတ်တော်အသီးသီး၌ အတည်ပြုရန် ကျန်ရှိသည့် ဥပဒေများအနက်မှ ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြုခြင်းနှင့် အခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာမှ စက်တင်ဘာအထိ) အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းချုပ်တွင် ရငွေစုစုပေါင်း ငွေကျပ် ၂၀၀၅၁ ဘီလျံ၊ သုံးငွေ စုစုပေါင်း ငွေကျပ် ၂၄၉၅၄ ဘီလျံ၊ စုစုပေါင်းလိုငွေ ပမာဏငွေကျပ် ၄၉၀၃ ဘီလျံဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ တင်ပြထားသည်။

“ကျွန်တော်တင် မဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးတိုင်းကတော့ လိုအပ်တဲ့ လုပ်ငန်းကို လိုအပ်တဲ့ အသုံးစရိတ်ကတော့ ခွင့်ပြုပေးကြမှာပဲ။ သို့သော် တရားလွန်အသုံးစရိတ် ဖောင်းပွမှုမဖြစ်အောင်၊ နောက်တစ်ခုက တချို့အသုံးစရိတ်တွေထဲမှာလည်း တကယ်လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်အောင်ကတော့ ကျွန်တော်တို့ အချိန်ယူ စိစစ်ရမှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးအောင်မင်းက ပြောကြားသည်။

ဇူလိုင် ၂၃ ရက်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဉ် လျာထားချက်တွင် ဖော်ပြထားသည်။

ဘတ်ဂျက်နှင့်ပတ်သက်၍ လွှတ်တော်ထဲ၌ အချိန်အပြည့်အ၀ ဆွေးနွေးခွင့်ပေးမှသာ ပြည်သူများ အနေဖြင့် ဘတ်ဂျက်နှင့်ပတ်သက်သည့် အကောင်းအဆိုးကို နားလည်မည်ဖြစ်သည့်အတွက် ယင်းကိစ္စကို ဝန်ကြီးဌာန၊ လွှတ်တော်များအနေဖြင့် လေးလေးနက်နက် စဉ်းစားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

ထို့ပြင် ပြန်စမည့် လွှတ်တော် အစည်းအဝေးကာလအတွင်း ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှဲပြောင်း ထမ်းဆောင်မည်ဖြစ်၍ ထူးခြားမှုရှိသော ပုံမှန်အစည်းအဝေးကာလ တစ်ခုဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆ (က) တွင် ပြည်သူ့လွှတ်တော်သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှလပေါင်း ၃၀ ပြည့်မြောက်သည့်နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟု ထည့်သွင်း ပြဋ္ဌာန်းထားသည်။