ပြည်သူများ သတိရတမ်းတနေသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှန်ကန်သည့် စိတ်ဓာတ်ကိုသာ လူငယ်များအားကျသင့်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများ သတိရတမ်းတနေသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှန်ကန်သည့် စိတ်ဓာတ်ကိုသာ လူငယ်များအားကျသင့်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 July 2018

အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ရစဉ်

ပြည်သူများ သတိရတမ်းတနေသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှန်ကန်သည့် စိတ်ဓာတ်ကိုသာ လူငယ်များ အားကျသင့်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၉ ရက်က ပြောကြားသည်။

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၌ ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လူငယ်တွေဆိုတာကတော့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်နေ့တစ်ချိန်တစ်ခါမှာ ကောင်းမွန်တဲ့၊ မြင့်မြတ်တဲ့၊ အများကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ၊ အချိန်တွေ အများကြီးရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအခွင့်အရေးတွေက နည်းနည်းသွားတယ်။ အဲဒီတော့ လူငယ်တွေကို ပြောရမယ်ဆိုရင် ကိုယ့်ရဲ့အင်မတန်မှ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိအောင်သုံးပါ။ တန်ဖိုးရှိအောင်သုံးရင် အခု အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြည်သူလူထုက သတိရနေတာ၊ တမ်းတနေတာတွေ အဲဒါတွေကို အားကျနေတာ မဟုတ်ဘဲနဲ့ ဒီလိုတမ်းတခြင်း၊ သတိရခြင်းဖြစ်စေတဲ့ မှန်ကန်တဲ့စိတ်ဓာတ်တွေကိုသာ အားကျတာဖြစ်ရမယ်။ တချို့ကဆိုရင် ထင်ပေါ်ကျော်စောချင်တာပေါ့။ အာဇာနည်ကြီးတွေလို ဖြစ်ချင်တယ်ဆိုတာ အာဇာနည်ကြီးတွေလို ကျော်ကြားချင်တာ၊ ထင်ပေါ်ချင်တာ။ အာဇာနည်ကြီးတွေလို ရုန်းကန်ချင်တာက အခက်အခဲတွေကို ရင်ဆိုင်ချင်တာ မဟုတ်ဘူး။ အဲဒါကြောင့် မှန်မှန်ကန်ကန် သုံးသပ်ဖို့၊ မှန်မှန်ကန်ကန် သင်ခန်းစာယူဖို့ကတော့ အရေးကြီးဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပါ။ ဘယ်လို သင်ခန်းစာယူမလဲ၊ ဘယ်လို သုံးသပ်မလဲဆိုတာ အမေ့အနေနဲ့ လူတိုင်း ဒီလိုစဉ်းစားရမယ်၊ ဒီလိုစိတ်ထားရမယ်လို့ ပြောလို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့ခတ် ပြည်သူအများစုက မမီခဲ့သည့်အတွက် အာဇာနည်နေ့နှင့် ပတ်သက်၍ ၎င်းကိုယ်တိုင် ပြောခြင်းထက် ပြည်သူများက မည်သို့မြင်သည်၊ အာဇာနည်နေ့ကို ဘာကြောင့် တန်ဖိုးထားရသည်နှင့် ဘာကြောင့် အလေးထားရသည်ကို ပိုမိုသိချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ဆက်လက်၍ နိုင်ငံအတွက် ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းတို့အကြား တူညီမှု၊ ယုံကြည်မှုများက မည်သည့်အရာများဖြစ်သနည်းဟု မေးမြန်းမှုအပေါ် မိမိကိုယ်တိုင်သုံးသပ်ခြင်းထက် အခြားလူများ သုံးသပ်ခြင်းက ပိုမိုဓမ္မဓိဋ္ဌာန် ကျလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“အဲဒါ ကိုယ်တိုင်ပြောဖို့ အင်မတန်မှ ခက်ခဲပါတယ်။ အပြင်ကလူတွေသုံးသပ်တာ ပိုပြီးတော့ ဓမ္မဓိဋ္ဌာန် ကျလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အမှန်အတိုင်း မြင်ဖို့ဆိုတာလွယ်တာ မဟုတ်ပါဘူး။ ဖေဖေတို့ အသက်ရှင်ခဲ့တဲ့ အခြေအနေ၊ ဖေဖေတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ အမေတို့ အတွေ့အကြုံတွေနဲ့ မတူဘူး။ မတူဘူးဆိုတော့ နှိုင်းယှဉ်တယ် ဆိုတာတော့ သိပ်မလွယ်ပါဘူး။ အခက်အခဲတွေကတော့ များတာပေါ့။ ဖေဖေတို့လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့တယ်။ အမေတို့လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ဦးတည်ချက်က နိုင်ငံကောင်းဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ ညီညွတ်ဖို့ ဦးတည်ချက်တွေကတော့ တူညီတယ်လို့ အမေ့အနေနဲ့ ယူဆတယ်။ ဦးတည်ချက်တွေကို ရင်ဆိုင်တဲ့ နေရာမှာ ဒီဦးတည်ချက်တွေနဲ့ ပတ်သက်နေတဲ့ အလုပ်တွေကို ကိုင်တွယ်တဲ့နေရာမှာတော့ အလုပ်တွေကလည်း မတူဘူးဆိုတော့ ဘယ်လောက်တူတယ်။ မတူဘူးဆိုတာ ဆုံးဖြတ်ဖို့ ခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် တက်ရောက် ဂါရဝပြုခြင်းမဟုတ်ဘဲ မိသားစုဝင်တစ်ဦး အနေဖြင့်သာ ဂါရဝပြုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားသည်။

“အခုလည်းအမေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ သွားပြီးတော့ ဂါရဝပြုတာ မဟုတ်ပါဘူး။ မိသားစုတွေနဲ့ အတူတူပဲ။ သမီးအနေနဲ့ ဂါရဝပြုတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ ဒီရာထူးကို ကိုင်ထားတဲ့အချိန်မှာပဲ ဖြစ်တာပါ။ ဖေဖေ့သမီးဆိုတာကတော့ ဒါတစ်သက်။ အခုလည်း ဖေဖေ့ကို ဂါရဝပြုတယ်ဆိုတာ မိသားစုအနေနဲ့၊ ဖေဖေ့သမီး တစ်ယောက်အနေနဲ့ပဲ သွားတာပါ။ အဲဒီတော့ ဘာမှမထူးခြားပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့နောက် အာဇာနည်နေ့နှင့် ပတ်သက်၍ ဆရာဇော်ဂျီရေးဖွဲ့ခဲ့သော “ပြောလိုက်ပါဘိ ဟောပါဘိ” ကဗျာသည် နောင်လာနောင်သားများ အနေဖြင့် ပိုမို၍ မှန်ကန်သည့် စိတ်ဓာတ်နှင့် ကောင်းမွန်သည့် စိတ်ဓာတ်ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး ရေးဖွဲ့ထားသောကြောင့် ယင်းကဗျာကို သဘောကျသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။