ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာတွင် ဘော်ဒါဆောင်တစ်ခုမှကျွေးသည့် ထမင်းနှင့်ဟင်းများကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာတွင် ဘော်ဒါဆောင်တစ်ခုမှကျွေးသည့် ထမင်းနှင့်ဟင်းများကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား
Published 17 July 2018

အစာအဆိပ်သင့်သူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသမှုပေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ၌ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ဘော်ဒါဆောင်တစ်ခုမှ ကျွေးမွေးသည့် ထမင်းနှင့်ဟင်းများကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဇီးပင်တွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းကိုလည်း ပိတ်လိုက်ရကြောင်း အစာအဆိပ်သင့်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းအား မသိရှိရသေးကြောင်း သိရသည်။

“အစာအဆိပ်သင့်တာက ကနီမြို့နယ် ဇီးပင်တွင်း ကျေးရွာမှာ ဖြစ်တာပါ။ ၁၀ တန်း ဘော်ဒါဆောင်တစ်ခုကနေ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုပွဲလုပ်တာ။ အဲဒီ ကကျွေးမွေးတဲ့ ထမင်းနဲ့ဟင်းတွေကို တစ်ရွာလုံးကို ဖိတ်ပြီးကျွေးတယ်။ မနက်တစ်ချိန်နဲ့ ညနေတစ်ချိန်ဆိုပြီး နှစ်ကြိမ်ကျွေးမွေးတာပါ။ အစာအဆိပ်သင့်တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေကတော့ ၁၁၆ ယောက်အထိ ရှိပါတယ်။ ကျွန်မတို့ကလည်း အစာအဆိပ်သင့်တဲ့ ကလေးတွေကို စာသင်ကျောင်းမှာ ဆေးကုသမှုပေးလိုက်ပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ အစာအဆိပ်သင့်တဲ့ကျောင်းသူ၊ သားတွေအားလုံး သက်သာလို့မို့ ပြန်လွှတ်လိုက်ပါတယ်။ ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ကျောင်းသူ ကျောင်းသားကတော့ မရှိပါဘူး” ဟု ကနီမြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်ကြီး ဒေါက်တာ ဝေမာနွယ်က ပြောကြားသည်။

ကနဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့မှုမှာ ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ ဒီမိုစာသင်ဝိုင်းပိုင်ရှင် ဦးမင်းဝေက စတင်ဖြစ်ပွားခဲ့ကြောင်း ယင်းနောက် ၎င်း၏ စာသင်ဝိုင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအချို့နှင့် အခြားကျောင်းသား၊ ကျောင်းသူများကလည်း အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကြားနေချိန် အတောအတွင်းမှာ အစာအဆိပ်သင့်မှုဖြစ်ပွားသည့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့သည်။

“ကျွန်တော်ကတော့ မအန်ဘူး။ ဝမ်းသွား ရုံသက်သက်ပဲ။ ဆယ်ကြိမ်ထက်မနည်း ဝမ်းသွားတယ်။ ကျောင်းသားတွေကတော့ စာသင်ဝိုင်းကနေ ကျောင်းကိုသွားတယ်။ သူတို့ကလည်း ဝမ်းလျှောတာ ငါးကြိမ်လောက် ရှိတယ်။ သူတို့ကိုယ်သူတို့ ကျောင်းလိုက်နိုင်တယ်ဆိုပြီး ကျောင်းသွားကြတာပါ။ ကျွန်တော်ကျွေးမွေးတာကတော့ ဝက်သားနဲ့ ကျောက်ဖရုံသီး ရောရာဟင်း၊ ချဉ်ရေနဲ့ မန်ကျည်းသီးအမှည့် ရောချက်တဲ့ဟင်း၊ ငါးဟင်း၊ ကုလားပဲဟင်း၊ ငရုတ်သီးစတဲ့ ဟင်းတွေကို ကျွေးတာ။ ကျွန်တော့်အထင်ကတော့ ကုလားပဲမှာ ဓာတုဆေးဝါးတွေ သုံးစွဲထားတာ ဖြစ်နိုင်တယ်။ အဲဒီကုလားပဲဟင်းကနေပြီးတော့ အစာအဆိပ်သင့်တာ ဖြစ်နိုင်တယ်လို့တော့ ယူဆမိပါတယ်။ စာသင်ကျောင်းရောက်မှပဲ အစာအဆိပ်သင့်တာပါ” ဟု ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ ဒီမိုစာသင်ဝိုင်းဘော် ဒါပိုင်ရှင် ဦးမင်းဝေက ပြောကြားသည်။

ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၄၄၇ ဦးရှိကြောင်း ယင်းအစာအဆိပ်သင့်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများသည် KG တန်းမှ ဒသမတန်းအထိရှိကြောင်း အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ကျောင်းသားကျောင်းသူ ဦးရေ ၁၁၆ ဦးအထိရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းမှတ်တမ်းများအရ သိရသည်။