သင်္ဘောကွေ့ကျေးရွာမှ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဇနီးမောင်နှံအား ရုံးထုတ်

သင်္ဘောကွေ့ကျေးရွာမှ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ဇနီးမောင်နှံအား ရုံးထုတ်
Published 17 July 2018

၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံအား ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

မောင်တောတောင်ပိုင်းရှိ သင်္ဘောကွေ့ ကျေးရွာသားသုံးဦးအနက် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဇူလိုင် ၉ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ ရုံးထုတ်တယ်။ ပုဒ်မတွေ ထပ်တိုးတာမရှိဘူး။ အရင်စွဲထားတဲ့ ၅၀၅ (ခ) နဲ့ပဲ ရုံးထုတ်တာ ဖြစ်ပါတယ်။ စစ်ဆေးတာတော့ မရှိသေးဘူး။ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ကို ထပ်ရုံးချိန်းပါတယ်။ ဒီကနေ့ ရှေ့နေပါဝင် တင်ပါတယ်” ဟု ရှေ့နေဦးခင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဘူးသီးတောင်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသား သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ ရာဇဝတ်မှုကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် ဇူလိုင် ၉ ရက်အရောက် လာရောက်ရန် မြို့နယ်တရားရုံးမှ ဇူလိုင် ၈ ရက်က သမ္မာန်စာပေးပို့ခဲ့ပြီး ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာမှ ဖြိုဖျက်ခဲ့သည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ကျေးရွာသားများက လက်မခံဘဲ ကျောက်ပန်းတူ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာမီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ဝင်ရောက်နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာရလွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်းအရှေ့ဘက်တွင် ကျေးရွာသစ်မြေနေရာရွေးချယ်ပြီး ယာယီအဆောက်အအုံများ ဆောက်လုပ်ပေးကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာအဆောက်အအုံ ၁၀ လုံးတည်ဆောက်ပေးလျက်ရှိကြောင်း ဇူလိုင် ၁၂ ရက်က အစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ရွှေ့ပြောင်းလာသူများသည် မောင်တောမြို့နယ် တောင်ပိုင်းသင်္ဘောကွေ့ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာက စတင်အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူများအား သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ်ထားခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ကို အသိပေးအကြောင်းကြားခဲ့ကြောင်း၊ လိုက်နာ ဆောင်ရွက်မှုမရှိသဖြင့် ထပ်မံ၍သတိပေးစာ နှစ်ကြိမ်ထုတ်ပြန်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။         သားရွှေဦး (ကစ္ဆပ)