အကျဉ်းထောင်များတွင် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု၊ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက် ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်

အကျဉ်းထောင်များတွင် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု၊ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက် ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်
Published 15 July 2018

အင်းစိန်အကျဉ်းထောင်ဝင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု၊ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အကျဉ်းထောင်များအတွင်း လိုအပ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ထောက်ပံ့ကူညီနေသည့် 3MDG အဖွဲ့မှ သိရသည်။

အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမိုလက်ခံနေရသည့်အတွက် ကူးစက်ရောဂါများ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေ များနေကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေထဲကမှ လက်ရှိ အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနဲ့ မန္တလေး အကျဉ်းထောင်တွေမှာ လိုအပ်နေတဲ့ ကျန်းမာရေးအခြေခံ အဆောက်အအုံတွေကို တည်ဆောက်တာ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ လူ့စွမ်းအား အရင်းအမြစ် လိုအပ်မှုတွေ၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အခု အင်းစိန်ထောင်မှာလည်း ဓာတ်ခွဲခန်း တိုးချဲ့ပြင်ဆင်တာတွေအတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေပါတယ်။ အခုဆောက်လုပ်မယ့် အဆောက်အအုံတွေက အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုရရှိနိုင်ဖို့အတွက် ရည်ရွယ်ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟု 3MDG ရန်ပုံငွေအဖွဲ့ အကြီးအကဲဖြစ်သူ Tomas Lundstrom က ပြောကြားသည်။

အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရန် 3MDG သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ UNODC, UNAIDS, WHO နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ လားရှိုးအကျဉ်းထောင်တွင် တည်ဆောက်လျက်ရှိသော ဆေးခန်းမှာ ၂၀၁၈ ခုနှစ် ဇွန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ကျန်းမာရေး အခြေခံ အဆောက်အအုံများကို အမျိုးသား၊ အမျိုးသမီး သီးသန့်ဆောက်လုပ်ထားမည်ဖြစ်ပြီး စီမံခန့်ခွဲရေးရုံးခန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ ဦးဆောင်မှုဖြင့် အင်းစိန်နှင့် မန္တလေး အကျဉ်းထောင်များတွင် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန် အခြေခံအဆောက်အအုံ မြှင့်တင်ခြင်း လုပ်ငန်းများမှာလည်း ဦးစားပေး အစီအစဉ်တွင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် 3MDG သည် ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းထောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အကျဉ်းထောင်ရှိ အကျဉ်းသား ၃၅၀၀ ခန့်နှင့် ရဲဘက်စခန်းနှစ်ခုရှိ အကျဉ်းသား ၂၀၀ ခန့်အတွက် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် AHRN အဖွဲ့ကို ရန်ပုံငွေပံ့ပိုးပေးလျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အ၀ လွှမ်းခြုံနိုင်ရန် ကြိုးစားနေဆဲအချိန်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက သက်ဆိုင်ရာကျန်းမာရေး အဖွဲ့အစည်းများနှင့် လက်တွဲ၍ ယာယီဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ထိခိုက်အလွယ်ဆုံးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများမှ အလှမ်းဝေးကွာနေသောသူများထဲတွင် မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားများပါဝင်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြခြင်းကြောင့် အကျဉ်းသားများအတွက် ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အကျဉ်းထောင်အတွင်း လိုအပ်နေသော ကျန်းမာရေး အခြေခံအဆောက်အအုံလေးခုကို တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း 3MDG ရန်ပုံငွေအဖွဲ့၏ အချက်အလက်များအရ သိရသည်။