တနင်္သာရီတိုင်းဒေသကြီးအတွင်း တောင်တန်းများဆီမှ သန္တာကျောက်တန်းများဆီသို့ ကြီးမားကျယ်ပြန့်သည့် ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်မှုကို ဒေသခံများ စိုးရိမ်နေ

တနင်္သာရီတိုင်းဒေသကြီးအတွင်း တောင်တန်းများဆီမှ သန္တာကျောက်တန်းများဆီသို့ ကြီးမားကျယ်ပြန့်သည့် ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်မှုကို ဒေသခံများ စိုးရိမ်နေ
Published 15 July 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်း တောင်တန်းများဆီမှ သန္တာကျောက်တန်းဆီသို့ ကြီးမားကျယ်ပြန့်သည့် ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်ထားမှုကို ဒေသခံများကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အမျိုးသားဥယျာဉ်များ သတ်မှတ်ထားသည့်အပြင် နောက်ထပ်တောင်တန်းများဆီမှ သန္တာကျောက်တန်းများဆီသို့ ထိန်းသိမ်းရေးနယ်မြေများကို ဒေသခံများကို အသိပေးခြင်းမရှိဘဲ ပြုလုပ်နေသည်ဟုဆိုကာ ဌာနေတိုင်းရင်းသားများမှာ မီဒီယာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၃ ရက်က အမျိုးသားဥယျာဉ်နယ်မြေအတွင်း ကျရောက်နေသည့် ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စု၊ ဟင်းလိုင်းရွာတွင်ဌာနေ တိုင်းရင်းသားများက မီဒီယာများအား တွေ့ဆုံကာ ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ထားမှုအပေါ် အစိုးရမှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းမရှိသည့်အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

“ဒီနေ့လုပ်တဲ့ အစီအစဉ်မှာ ဒေသခံတွေနဲ့ ဘာကြောင့်လာတွေ့ရသလဲဆိုတော့ အစိုးရရော၊ UNDP, Smithsonian, FFI တို့ လုပ်ဆောင်မယ့် စီမံကိန်းတွေက ဒေသခံတွေကို ဘာမှလည်း လာရောက်ချပြတာ မရှိဘူး။ ရှင်းပြတာလည်း မလုပ်ဘဲနဲ့ လာမယ့်ဇူလိုင် ၁၇ ရက်ကျရင် ထားဝယ်မှာ Work Shop တစ်ခုလုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ဒေသခံတွေကိုလည်း ဖိတ်ကြားထားခြင်း မရှိပါဘူး။ ဘာအဖြေ ထွက်လာနိုင်မလဲဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ သို့သော် သူတို့ စီမံကိန်းကို ဆက်လုပ်သွားဖို့ရှိနိုင်တယ်။ ဒီစီမံကိန်းမှာ ကျွန်တော်တို့ သိသလောက်ကတော့ တနင်္သာရီတိုင်းတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံကို သစ်တောတွေကို ထိန်းသိမ်းတောအဖြစ် ပြန်လည်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ရှေ့ဆက်ရပ်တည်မှုက ဘာတွေဖြစ်လာမလဲ” ဟု Southern Youth Development Organization မှ ဒါရိုက်တာ ဦးစံငွေက ပြောကြားသည်။

တောင်တန်းဒေသရှိ သစ်တောများနှင့် ကျွန်းစုအတွင်းရှိ ကျွန်းများ အထိပါဝင်သော ထိန်းသိမ်းရေးနယ်မြေကြီးတစ်ခု ဆောင်ရွက်နေမှုအပေါ် ပြည်သူများသိရှိခဲ့ခြင်း မရှိဘဲ၂၀၁၆ ခုနှစ်တွင် မြိတ်မြို့ Hotel Grand Jade တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ယခု ထွက်ရှိနေသည့်မြေပုံကို ထုတ်ပြခဲ့ခြင်းဖြစ်ကြောင်း ဦးစံငွေကဆိုသည်။

ဧရိယာ အတိုင်းအတာ ဘယ်လောက်ကျယ်ဝန်းသည်ကိုလည်း သိရှိခြင်းမရှိဘဲ လက်ရှိလေညာ အမျိုးသားဥယျာဉ်တစ်ခုတည်းပင်လျှင် ဧကခုနစ်သိန်းကျော် ရှိနေကြောင်း သိရသည်။

“အမျိုးသားဥယျာဉ်နှင့် ပတ်သက်ပြီး လုပ်တာတွေက ပွင့်လင်း မြင်သာမှုမရှိသလို ထင်ထင်ပေါ်ပေါ်နဲ့ အုပ်ချုပ်ရေးပိုင်းမှာရော လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေမှာရော ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာ မရှိသလို အသိပေးတာလည်း မရှိပါဘူး။ ဒါကြောင့်မို့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးပါတယ်။ လူတိုင်းမှာ အခွင့်အရေး ရှိပါတယ်” ဟု ဟင်းလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းရင်က ပြောကြားသည်။