မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံး၌ ုတိယအကြိမ် ရုံးထုတ်

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံး၌ ုတိယအကြိမ် ရုံးထုတ်
Published 12 July 2018

မြောက်ဦးပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ရေးသားမှုဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ခံရပြီး ဇွန် ၂၁ ရက် ညနေပိုင်း က ဖမ်းဆီးခံခဲ့ရသော ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံးသို့ ဇူလိုင် ၁၁ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းသူအား စစ်ဆေးခဲ့ကြောင်းနှင့် ဇူလိုင် ၁၈ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook တွင် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု(တရားခံ)ဘယ်သူလဲ”ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသား ဖော်ပြခဲ့ကြောင်းနှင့် ယင်းသို့ ရေးသားသည့်အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)မှာ အာမခံရရှိသည့်တိုင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း အမှုဖွင့်ထားသဖြင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အမှုအား တရားရုံးသို့ တင်ပို့ခြင်းမရှိသေးကြောင်း သိရသည်။

“နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ နဲ့ မြို့နယ်တရားရုံးမှာ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ ၆၆ (ဃ)ကိုတော့ စွဲချက်တင်တာ မတွေ့ရသေးဘူး။ တရားရုံးကို မရောက်လာသေးပါဘူး။ ဒီနေ့ ဒုတိယရုံးချိန်းမှာတော့ ပုဒ်မ ၁၀ နဲ့စွဲဆိုထားတဲ့ အမှုရဲ့ တရားလိုကို စစ်ဆေးတယ်။ တရားလိုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမင်းသူ ဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁၈ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်”ဟု ဦးအောင်သန်းဝေ၏ အမှုအား လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေက လက်မှတ်ထိုးပြီး မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဦးအောင်သန်းဝေ၏ ရှေ့နေဖြစ်သူ ဦးကျော်ညွန့်မောင်က “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေကတော့ အဓိကတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကို တားမြစ်ထားတဲ့ ဥပဒေလို့ ကျွန်တော်သိထားတယ်။ ထောက်လှမ်းတယ်။ ဖမ်းဆီးတယ်။ စစ်ဆေးတယ်။ လုပ်ငန်းတွေအတွက် တားမြစ်ထားတာဖြစ်တယ်လို့ မြင်တယ်။ အများပြည်သူကို အဲဒီလိုမလုပ်အောင် တားမြစ်ထားတဲ့ ဥပဒေတစ်ရပ်သာ ဖြစ်တယ်လို့ မြင်တယ်” ဟု ရှေ့နေဦးကျော်ညွန့်မောင်က ပြောကြားသည်။