ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့်ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိဟု သိရ

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့်ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိဟု သိရ
Published 9 July 2018

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့် ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း နှစ်လနီးပါး သွားလာလည်ပတ်ပြီးမှ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းမှာ ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်စဉ်ကတည်းက ဗီဇာအား ထိုင်း လ ၀ က က စနစ်တကျ စစ်ဆေးရန်လိုအပ်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်ပြီး အလုပ်သမားရေးဆောင်ရွက်နေသူ KTG အထွေထွေလူမှုကူညီရေးရုံးမှ မန်နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက “နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ်မှ ဖြတ်သွားတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်း လည်ပတ်သွားလာပြီးမှ ဖမ်းဆီးခံရသူ ဒီနေ့အထိ ၄၀ နီးပါးရှိ ပြီ။ ဒီမနက်လည်းဖမ်းတယ်။ ဗီဇာ ဘာကြောင့် အတု ဖြစ်ရသလဲ။ ပွဲစားတွေနဲ့ လုပ်လို့ ဖြစ်တာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ချစ်ကြည်ရေး တံတားပေါ်မှ ထိုင်းလဝကဆိုတဲ့ တောမောင်းဆီးမှာ အဝင်တုံးထုရတယ်။ ဘာကြောင့် သေသေချာချာ မစစ်ဆေးတာလဲ ၊၊ ဒါ ထိုင်းလဝက ပေါ်မှာပဲ တာဝန်ရှိပါတယ်”ဟု ဆိုသည်။
ပြည်ပကိုထွက်ခွာသူများ၏ ပတ်စ်ပို့ ဗီဇာများ အတုအစစ် စစ်ဆေးရန်မှာ မြန်မာ လဝကထက် ထိုင်းလဝက၌သာ တာဝန်ရှိသည်ဟုဆိုသည်။

“တစ်ဖက်နိုင်ငံထဲကို ဝင်တော့မယ်ဆိုရင် ဒီနိုင်ငံက ဗီဇာ အတုလား အစစ်လား ဆို တာ စစ်ဆေးဖို့တာဝန်ရှိပါတယ်။ ဒါကို မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူတွေ ဘယ်လို အကူအညီပေးမလဲ အများသိအောင် ဘယ်လို ဆောင်ရွက်မလဲ၊ ဒါအဓိကကျပါတယ်” ဟု ကိုသားကြီးက ပြောကြားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသို့ပြန်လာစဉ် ဖမ်းဆီးခံရသူများမှာ အဆိုပါ လဝကဥပဒေအရ ထောင်ဒဏ်အနည်းဆုံး ၁၀ လမှ အများဆုံးတစ်နှစ်၊ ခြောက်လအထိကျခံရ မည်ဖြစ်သလို ငွေဒဏ်လည်း ချမှတ်၍ရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများ သည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးတွင် ဗီဇာယူပြီး မြဝတီချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ကာ ၄၅ ရက်ခန့် ဝင်ရောက်လည်ပတ်ပြီးမှ မိခင်နိုင်ငံသို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်လည်ပတ်သူများအနေဖြင့် ထိုင်းအလည်ဗီဇာအား မိမိကိုယ်တိုင်ရယူကြရန် လိုအပ်ကြောင်း သိရသည်။