ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း တရားမဝင်လုပ်ငန်းများ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ငါးခုတွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ချထားမည်ဟု စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြောကြား

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း တရားမဝင်လုပ်ငန်းများ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ငါးခုတွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ချထားမည်ဟု စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြောကြား
Published 8 July 2018

စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း တရားမဝင်လုပ်ငန်းများ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ငါးခုတွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ချထားမည်ဟု တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

ယင်းကဲ့သို့ မြို့နယ်ငါးခုအတွင်း ရေကြောင်းရဲတပ်ဖွဲ့စည်းကာ တာဝန်ချထားရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း တရားမဝင်လုပ်ငန်း လုပ်ကိုင်နေမှုအား ထိထိရောက်ရောက် ဟန့်တားအရေးယူနိုင်ရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်း တာဝန်ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ချင်းတွင်းမြစ်မှာက အားလုံးသိတဲ့အတိုင်းပဲ။ ရေယာဉ်တွေကလည်းများတယ်။ ကုန်တင်ရေယာဉ်တွေကလည်း များတယ်။ အထူးသဖြင့် ဒီလို ရေနက်ရာသီမှာ သစ်ဖောင်တွေ၊ ဝါးဖောင်တွေ စုန်မျောလာတာတွေကလည်း များတယ်။ အထူးသဖြင့် ကျွန်တော်တို့ စစ်ကိုင်းတိုင်းရဲ့ အထက်အညာမှာရှိတဲ့ တရားမဝင် ရွှေတူးဖော်မှုတွေ၊ တရားမဝင်သစ် ခိုးထုတ်မှုတွေကို ပပျောက်ဖို့ဆိုရင် လက်ရှိလတ်တလော ဆောင်ရွက်နေတဲ့ ရစကတွေနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်အနီးက မြို့နယ်ငါးခုမှာ ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးတော့ တာဝန်ချထားပေးမယ်” ဟု ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

ရစကနှင့် ရေယာဉ်များ စစ်ဆေးရေးအဖွဲ့များသည် ရေယာဉ်များအား စနစ်တကျ ပြေးဆွဲနိုင်ရေးအတွက်သာ ၎င်းတို့က ဆောင်ရွက်နိုင်ကြောင်း၊ တရားမဝင်သစ်မှောင်ခိုမှု၊ တရားမဝင် ရွှေခိုးထုတ်လုပ်မှုနှင့် တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုစသည့်ကိစ္စများကို ထိန်းချုပ်သည့်နေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လိုအပ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်ခွဲဖြစ်သည့် ရေကြောင်းရဲဖွဲ့စည်းတာဝန် ချထားနိုင်ရေးအတွက် နေပြည်တော်မှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကြောင်းကြားလာကြောင်း ဦးသန့်ညွန့်ဝင်းက ပြောကြားသည်။

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း တရားမဝင်လုပ်ငန်းများအား ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ငါးခုတွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းကာ တာဝန်ချထားမည့် မြို့ငါးခုသည် ဧရာဝတီမြစ်အနီးရှိ ကသာမြို့၊ ချင်းတွင်းမြစ်အနီးရှိ ဟုမ္မလင်းမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့နှင့် မုံရွာမြို့တို့ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။