အမြင့်ဆုံး ကျပ်သိန်းပေါင်းနှစ်သောင်းအထိ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း သိရ

အမြင့်ဆုံး ကျပ်သိန်းပေါင်းနှစ်သောင်းအထိ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း သိရ
Published 8 July 2018

အမြင့်ဆုံးကျပ်သိန်းပေါင်းနှစ်သောင်းအထိ ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ထီလက်မှတ်များ ဈေးတင်ရောင်းချခြင်းကို ကာကွယ်ရန်နှင့် နိုင်ငံတော်အခွန်ငွေ ပိုမိုရရှိအောင် ပြည်သူများ ထီဆုငွေပိုမိုရရှိအောင် ရည်ရွယ်ပြီး ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ဖွင့်လှစ်ရောင်းချရန် ပြင်ဆင်နေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ညွန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဘယ်နေ့ ဘယ်အချိန်ထွက်မလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ အစ်ကိုတို့ဌာနအပြင် သက်ဆိုင်ရာ ဌာနတွေကို အဆင့်ဆင့်တင်ပြရတယ်။ ခွင့်ပြုချက်တင်ထားတယ်။ ခွင့်ပြုချက်ရတာတောင် ဝါဇီကို အော်ဒါမှာရဦးမယ်။ အဲဒီအတွက်က လေးလတောင်ကြာဦးမယ်။ ဒီလတော့မထွက်နိုင်သေးဘူး။ ခွင့်ပြုချက်မြန်ရင် ပိုမြန်မယ်။ မမြန်ရင်တော့ နည်းနည်းကြာမယ်” ဟု ညွန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

လက်ရှိတွင် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို အပြင်တွင်  ဈေးတင်ရောင်းချမှုများရှိနေခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေသည်ကို ကြားသိနေရကြောင်း၊ ကျပ် ၁၀၀၀ တန်ထီလက်မှတ်များ ထွက်ပေါ်လာပါက ဈေးတင်ရောင်းချခြင်းများကို ကာကွယ်နိုင်ပြီး ပြည်သူများ ကြိုက်နှစ်သက်သည့် ထီလက်မှတ်များကို ရွေးချယ်ကံစမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆုကြေးငွေများအဖြစ် ကျပ် ၅၀၀ တန် ထီလက်မှတ်များမှ ပေါက်ပါက ကျပ် ၅၀၀ တန်အထိ လက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကို ဆုချီးမြှင့်မည်ဖြစ်ပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ်မှပေါက်ပါက ကျပ် ၁၀၀၀ တန်ထီလက်မှတ်၏ ရောင်းရငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ ကို ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ထီလက်မှတ်များဈေးတင်ရောင်းချခြင်း မရှိစေရန်နှင့် အစိုးရသတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ပြည်တွင်း အခွန်များဦးစီးဌာနက စိစစ်ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။