ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများကို ပြန်လည်ရောင်းချမည်

ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများကို ပြန်လည်ရောင်းချမည်
Published 7 July 2018

ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးတွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

“ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချမယ့်နေ ရာတွေက မြို့လယ်ကောင်မှာများတယ်။ လမ်းမတော်တို့၊ ရွှေတောင်တန်းလမ်းတို့ နေရာတွေပေါ့။ ရောင်းချမှာက ခုနစ်ခုရှိပါတယ်။ အဓိက,ကတော့ ဒီတိုက်ခန်းတွေက အလှူရှင်တွေ မသေဆုံးမီ လှူဒါန်းထားခဲ့တယ်။ စာချုပ်စာတမ်းတွေနဲ့ လှူခဲ့တာဖြစ်တယ်။ သေဆုံးတဲ့ အချိန်မှာမသိဘူး။ သိတဲ့အချိန်မှာ လူတွေရှိနေတယ်။ အငှားတွေလည်းဖြစ်နိုင်တယ်။ ဆွေမျိုးတွေလည်း တက်နေကြတာ ဖြစ်နိုင်တယ်။ အဲဒီအခန်းတွေကို ဒီအတိုင်းဆက်ထားတယ်။ ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရဘူး။ ၁၉၉၁ ခုနှစ်နောက်ပိုင်းက လှူဒါန်းတဲ့ဟာတွေဖြစ်တယ်။ အရှေ့မှာ လှူခဲ့တဲ့ဟာတွေကိုတော့ ရောင်းပြီးသွားပြီ။ တချို့တွေက အိမ်ငှားခလာ သွင်းတာရှိတယ်” ဟု ဦးထွန်းအောင်ငွေက ပြောကြားသည်။

ရွှေတိဂုံဘုရားသို့ လှူဒါန်းထားသည့် အချို့သော တိုက်ခန်းများသည် အန္တရာယ်ရှိ အဆောက်အအုံများဖြစ်နေကြောင်း၊ ဈေးပြိုင် တင်ဒါအောင်မြင်သူများသည် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများတွင် နေထိုင်သူများ၏ ရသင့်ရထိုက်သည်များ၊ ပေးသင့်ပေးထိုက်သည်များကို ညှိနှိုင်းတွက်ချက်ပြီး လေလံဆွဲရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တိုက်ခန်းတွေကို ပြင်ချင်ပါတယ်။ ကန်ထရိုက်နဲ့ ပြန်ဆောက်ချင်ပါတယ်ဆိုပြီး လာပြောကြတယ်။ ဒီလူတွေကို ဘယ်လိုပြန်ပေးမှာလဲ။ တိုက်ခန်းတစ်ခန်းပေးမှာလား။ သူတို့ ဆောက်မယ့်သူတွေ ခေါ်လာတယ်။ ဆောက်ပြီဆိုရင် ပြဿနာတွေ အများကြီးရှိတယ်။ သူတို့ကို ပြောင်းရွှေ့ဖို့နေရာတွေ ပေးရမယ်။ သူတို့ကို ပြန်ထားပေးရမယ်။ ဥပဒေပညာရှင်နဲ့တိုင်ပင်တဲ့အခါ ဒါတွေဆက်လုပ်ရင် ဂေါပကနဲ့ ပြဿနာတွေအများကြီး ရှိတယ်။ ဂေါပကအနေနဲ့ မကောင်းဘူးပေါ့။ ပြောရမယ်ဆိုရမယ်။ တရားတွေဘာတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အပြီးရောင်းမှာ ဖြစ်တယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်၊ နေတဲ့သူတွေလည်း အေးအေးဆေးဆေးဖြစ်သွားအောင် တင်ဒါရတဲ့သူတွေ ဆက်လုပ်ဖို့ လေလံပေးခြင်း ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

ရွှေတိဂုံစေတီတော်တွင် ငွေရရှိမှု နှစ်လမ်းရှိကြောင်း၊ စီမံခန့်ခွဲမှုမှရရှိသည့်ငွေနှင့် အလှူငွေဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုမှရငွေသည် ကားဝင်း၊ ဆိုင်ခန်းများနှင့် နိုင်ငံခြားသား ခရီးသွားများထံမှ ကောက်ခံရရှိသည့်ငွေများ ရှိကြောင်း၊ ၎င်းငွေများနှင့် ဝန်ထမ်းလစာ၊ ထောက်ပံံ့ကြေးနှင့် ခရီးစရိတ်အဖြစ် အသုံးပြုကြောင်း၊ ဘုရားကြီးသို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ရောင်းရသည့်ငွေများကို ဘုရားကြီး၏ ဝေယျာဝစ္စတွင် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း၊ အလှူငွေများကို အခြားနေရာများတွင် အသုံးပြုမည်မဟုတ်ကြောင်း ဦးထွန်းအောင်ငွေက ဆက်လက်ပြောကြားသည်။

ရွှေတိဂုံစေတီတော်ကြီးသို့ စာချုပ်စာတမ်းများဖြင့် လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဈေးပြိုင်တင် ဒါစနစ်ဖြင့် ရောင်းချမည့်နေရာများသည် လမ်းမတော်မြို့နယ် ၁၁ လမ်းတွင် နှစ်ထပ် တိုက်တစ်လုံး၊ လမ်းမတော်မြို့နယ် ၁၂ လမ်း တွင် နှစ်ထပ်တိုက်တစ်လုံး၊ လမ်းမတော်မြို့နယ် လှည်းတန်းလမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်းတွင် မြေညီထပ်နှစ်ခန်း၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း (၁) လမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ လသာမြို့နယ် စဉ့်အိုးတန်းလမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ စမ်းချောင်းမြို့နယ် အင်္ဂပူလမ်းတွင် မြေညီထပ်တိုက်ခန်းတစ်ခန်းကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ဈေးပြိုင်တင်ဒါ တင်သွင်းလိုသူများသည် တင်ဒါစည်းကမ်းချက်တစ်စုံလျှင် ကျပ် ၅၀၀၀၀ ဖြင့် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး ဇူလိုင် ၁၂ ရက် နောက်ဆုံးထား၍ ဂေါပကအဖွဲ့ရုံး၌ ဈေးပြိုင်တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent