အီလက်ထရွန်နစ်ထီအတွက် သီးခြားဥပဒေ ရေးဆွဲအတည်ပြုပြီးမှသာ စတင်နိုင်မည်ဟု ဆို

အီလက်ထရွန်နစ်ထီအတွက် သီးခြားဥပဒေ ရေးဆွဲအတည်ပြုပြီးမှသာ စတင်နိုင်မည်ဟု ဆို
Published 25 August 2017

အီလက်ထရောနစ်ထီစတင် ဖွင့်လှစ်နိုင်ရေးအတွက် အောင်ဘာလေထီဥပဒေဖြင့် မလုံလောက်ဘဲ အီလက်ထရောနစ်ဥပဒေကို သီးခြားရေးဆွဲကာ အတည်ပြုပြီးမှသာ စတင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ စုံစမ်းသိရသည်။

“အီလက်ထရောနစ်ထီနဲ့ ပတ်သက်ပြီး လွှတ်တော်က ပြန်ချထားပေးတာရှိတယ်။ အီလက်ထရောနစ်ထီဥပဒေ သီးခြားရေးဆွဲဖို့အတွက် ညွှန်ကြားထားပါတယ်။ ဒါကြောင့် အချိန်ယူရဦးမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

အီလက်ထရောနစ်ထီစနစ်တွင် ကံစမ်းလိုသူများအနေဖြင့် ကြိုက်နှစ်သက်ရာထီ နံပါတ်များကို မိမိတတ်နိုင်သော ပမာဏဖြင့် ဝယ်ယူကံစမ်းနိုင်ခြင်း၊ ထီလက်မှတ်ရောင်းဈေးကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူကံစမ်းနိုင်ခြင်း၊ ထီဈေးကွက် ပိုမိုကျယ်ပြန့်လာနိုင်ခြင်း၊ အောင်ဘာလေသိန်းဆုခေါင်းစဉ်မှ အခွန်ဘဏ္ဍာပမာဏ ပိုမိုတိုးတက်ရရှိလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းတွင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အီလက်ထရောနစ်ထီလုပ်ငန်းကို တည်ဆဲဥပဒေများအရ ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကများဖြင့် အကျိုးတူ ဆောင်ရွက်နိုင်သည်ဟု ဖော်ပြပါရှိခဲ့သည်။

ဇူလိုင် ၁၄ ရက်က အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစိုးရထီရုံးမှ တာဝန်ရှိသူ သို့မဟုတ် ထီလုပ်ငန်းရှင် သို့မဟုတ် ထီရောင်းချသူမည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထားသည့်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ခြောက်လမှ အများဆုံး ထောင်တစ်နှစ်အထိဖြစ်စေ၊ ထောင်ဒဏ်အပြင် ငွေဒဏ် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ ချမှတ်ခြင်းခံရမည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိတွင် ဈေးနှုန်းမြင့်တက်ရောင်းချမှုများ ရှိနေသော်လည်း ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသေးဘဲ တိုင်ကြားမှုစုစုပေါင်း ၁၃၀ ကျော်ရှိကြောင်း သိရသည်။

အစိုးရအောင်ဘာလေထီကို ၁၉၃၈ ခုနှစ်က စတင်ထုတ်ဝေရောင်းချခဲ့ပြီး အောင်ဘာလေသိန်းဆုခွန်ကောက်ခံခြင်းဆိုင်ရာ ထီလက်မှတ်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထီဆုငွေထုတ်ပေးခြင်းများကို အမိန့်ညွှန်ကြားချက်များဖြင့်သာ ထုတ်ပြန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အီလက်ထရောနစ်ထီစနစ်မှာ ပြည်တွင်း၌ လုပ်ဆောင်ခြင်းမရှိသေးသဖြင့် အတွေ့အကြုံရှိသော ပြည်ပကုမ္ပဏီတစ်ခုခုဖြင့် ပူးပေါင်းလုပ်ကိုင်ရဖွယ်ရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ပြောကြားထားဖူးသည်။