ချင်းပြည်နယ်အစိုးရ၏ မဏ္ဍိုင်သုံးရပ်အပေါ်တွင် ချင်းပြည်သူလူထုများ ယုံကြည်မှုအားနည်းနေသည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြ

ချင်းပြည်နယ်အစိုးရ၏ မဏ္ဍိုင်သုံးရပ်အပေါ်တွင် ချင်းပြည်သူလူထုများ ယုံကြည်မှုအားနည်းနေသည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြ
Published 3 July 2018

ချင်းပြည်နယ်အစိုးရ၏ မဏ္ဍိုင်သုံးရပ် အပေါ်တွင် ချင်းပြည်နယ် ပြည်သူလူထုများက ယုံကြည်မှုအားနည်းနေသည်ဟု ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အစိုးရမဏ္ဍိုင် သုံးရပ်အပေါ် ချင်းပြည်နယ် အတွင်းရှိ ပြည်သူများ၏အမြင် သုတေသနစစ်တမ်း စာအုပ်တွင် ဖော်ပြခဲ့သည်ဟု ချင်းပြည်နယ် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (CNRWG) မှ ဦးလျန်တွမ်က ပြောကြားသည်။

“အကြမ်းအားဖြင့်တော့ မဏ္ဍိုင်သုံးရပ် အပေါ်ကို တော်တော်လေးစိတ်မကောင်းစရာ ဖြစ်နေပါတယ်။ အစိုးရရဲ့ မဏ္ဍိုင်သုံးရပ်အပေါ် ပြည်သူတွေက တော်တော်လေးယုံကြည်မှု အားနည်းနေတယ်လို့ ဆာဗေးအရ တွေ့ရှိရတယ်။ ကျွန်တော်တို့ ဒီမှာအပိုင်းလေးပိုင်းရှိတယ်။ ပထမတော့ ဖွံ့ဖြိုးရေးလုပ်ငန်းကို Check လုပ်လိုက်တယ်။ ပြီးတော့ မဏ္ဍိုင်သုံးရပ်ပေါ့။ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်တဲ့နေရာမှာတော့ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အစိုးရရဲ့ လုပ်ဆောင်မှုနဲ့ များသောအားဖြင့် ကိုက်ညီမှုရှိတယ်။ မဏ္ဍိုင်သုံးရပ်အပေါ်မှာကျတော့ တော်တော်လေးကို အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်တယ်။ ဒီစာအုပ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုပိုပြီးတော့ ကောင်းမွန်လာတဲ့ အနေအထားတွေ တွန်းပို့နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဓိကတော့ ပြည်သူတွေရဲ့ အမြင်ကိုမြင်ရတဲ့အတွက် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အချိန်ရပါသေးတယ်။ ပြင်ဆင်ချိန်ရတယ်။ အခြေအနေကောင်းမယ်လို့ ယူဆပါတယ်” ဟု CNRWG အဖွဲ့မှ စစ်တမ်းဖြစ်မြောက်ရေးညှိ နှိုင်းရေးမှူး ဦးလျန်တွမ်က ပြောကြားသည်။

“ဒေသဖွံ့ဖြိုးရေးအနေနဲ့ ကျွန်တော်တို့ အနေနဲ့ သုတေသနကို အသေးစိတ်တော့ မကောက်နိုင်ဘူး။ အကြမ်းအားဖြင့် ကောက်ထားတာပဲရှိပါတယ် ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဘယ်လိုအနေအထားလဲဆိုတဲ့ဟာပဲ ကောက်ထားပါတယ်။ အစိုးရလုပ်ထားတာကို အသေးစိတ်တိတိကျကျ မကောက်ဖြစ်ပါဘူး” ဟု ဦးလျန်တွမ်က ဆိုသည်။

အဆိုပါ သုတေသနစစ်တမ်း စာအုပ်မိတ်ဆက်ပွဲကို ကလေးမြို့ ကံသူရလက်ဖက်ရည်ဆိုင် အပေါ်ထပ်ခန်းမတွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီးလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒါကတော့ ကျွန်တော်က အကုန်လုံးတော့ ရာနှုန်းပြည့် မှန်တယ်လို့တော့ မယူဆနိုင်ပါဘူးဘာလို့ လဲဆိုတော့ အစိုးရကနေ သေချာလုပ်ထားမဟုတ်တော့  အကြမ်းအားဖြင့်တော့ ဒီလိုဟာမျိုးတခါမှ မကြုံခဲ့ဘူးတော့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ချင်းပြည်နယ်ဆိုတာသွားလာရ အခက်ဆုံးဆိုရင်လည်း မမှားပါဘူး။ ဒီလိုခက်ခက်ခဲခဲသွားပြီးတော့ အကြမ်းအားဖြင့် သွားလေ့လာတယ်ဆိုတော့ ရာနှုန်းပြည့်မဟုတ်တော့ ၈၀ ရာခိုင်နှုန်းလောက်တော့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ချင်းလူမျိုးတစ်ယောက် အနေနဲ့ ဒီလိုစစ်တမ်းထွက်လာတော့ ဂုဏ်ယူတယ်။ ကြိုဆိုတယ်။ ဒီထက်ပိုကောင်းတဲ့ တိကျတဲ့ဟာကိုထပ်ဖြည့် ကောက်ယူနိုင်ရင်ပိုကောင်း မယ်ဆိုရင် ပိုပြီးယုံကြည် စိတ်ချရမယ်လို့ ယူဆတယ်” ဟု ကလေးမြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးဝုန်ဇနန်က ပြောကြားသည်။