ဘိန်းထွက်ရှိမှု အများဆုံးဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ နယ်စပ်ပဋိပက္ခဒေသများနှင့် ကျောက်စိမ်း၊ရွှေတူးဖော်ရေးလုပ်ငန်းများတွင် မူးယစ်ဆေးသုံးစွဲသူဦးရေ နှစ်စဉ်မြင့်တက်

ဘိန်းထွက်ရှိမှု အများဆုံးဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ နယ်စပ်ပဋိပက္ခဒေသများနှင့် ကျောက်စိမ်း၊ရွှေတူးဖော်ရေးလုပ်ငန်းများတွင် မူးယစ်ဆေးသုံးစွဲသူဦးရေ နှစ်စဉ်မြင့်တက်
Published 3 July 2018

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဘိန်းထွက်ရှိမှု အများဆုံးဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ နယ်စပ်ဒေသ၊ ပဋိပက္ခဒေသများနှင့် ကျောက်စိမ်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် မူးယစ်ဆေးစွဲသူဦးရေ နှစ်စဉ်မြင့်တက်နေပြီး မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူပေါင်း  ၈၃၀၀၀ ခန့်ရှိနေကြောင်း 3 MDG မှ သိရသည်။

မူးယစ်ဆေးစွဲသူများအကြား အိပ်ချ်အိုင်ဗွီ ကူးစက်မှုနှုန်းမှာ ၂၈ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားလျက်ရှိပြီး ကချင်ပြည်နယ်၏ အိပ်ချ်အိုင်ဗွီဖြစ်ပွားနှုန်းသည် နိုင်ငံ၏ ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားနေကြောင်း၊ ကချင်ပြည်နယ်၏ အိပ်ချ်အိုင်ဗွီ ဖြစ်ပွားနှုန်းသည် နိုင်ငံ၏ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားလျက်ရှိကြောင်းနှင့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်မားခြင်းကြောင့် မူးယစ်ဆေးသုံးစွဲမှုကို စက်ဆုပ်ဖွယ်အဖြစ်ရှုမြင်ကာ ဒေသခံမူးယစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူးယစ်ဆေးစွဲသူများအပေါ် ကိုယ်ထူကိုယ်ထ ဖြေရှင်းလျက်ရှိနေကြောင်းလည်း သိရသည်။

“မူးယစ်ဆေးဝါးသုံးတဲ့သူတွေမှာ ဆေးဖြတ်ပြီးရင် ပြန်သုံးတတ်တဲ့ သဘောသဘာဝကို နားလည်ထားဖို့ လိုပါတယ်။ ဆေးဖြတ်ပြီး ပြန်သုံးတယ်တယ်ဆိုတာက ဆေးဖြတ်တဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးစွဲလမ်းမှုကို ဖြတ်နိုင်ဖို့ ခက်ခဲတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု National Drug Abuse Contrl Program မှ Program Manager ဒေါက်တာနန္ဒမျိုးအောင်ဝမ်းက ပြောကြားသည်။

နိုင်ငံလူဦးရေ၏ အသက် ၁၅ နှစ်နှင့် အထက်လူလတ်ပိုင်းများတွင်  အိပ်ချ်အိုင်ဗွီ ဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ ၄၉ ရာခိုင်နှုန်းရှိပြီး ကူးစက်မှုအန္တရာယ် ကျရောက်လွယ်သော ဦးတည်အုပ်စုများကြားတွင် ရောဂါဖြစ်ပွားနှုန်းမှာ သိသိသာသာများပြားလျက်ရှိကြောင်းနှင့် ကူးစက်မှုအန္တရာယ် ကျရောက်လွယ်သော ဦးတည်အုပ်စုများအနက် မူးယစ်ဆေးဝါးထိုးသွင်းသူများတွင် ရာခိုင်နှုန်း ၂၀ ကျော်၊ အမျိုးသားချင်းလိင်ဆက်ဆံသူများ (MSM) နှင့် ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲနေထိုင်သူများ (TG) တို့တွင် ၁၀ ဒသမ ၄ ရာခိုင်နှုန်း နှင့် အမျိုးသမီးလိင်လုပ်သားများတွင် ၈ ဒသမ ၁ ရာခိုင်နှုန်းခန့် အိပ်ချ်အိုင်ဗွီဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယင်းလူအစုအဝေးများကြား ရောဂါပြန့်ပွားမှုများပြားနေရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသောဆေးထိုးအပ်များ အသုံးပြုခြင်းနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများ ကြောင့်ဖြစ်ကြောင်းနှင့် ထိုဦးတည်အုပ်စုများအတွက် ထိရောက်သော ပညာပေးမှုများနှင့် ဝန်ဆောင်မှုများရှိနေသော်လည်း ထိုသူများအပေါ် လူထု၏ ခွဲခြားဆက်ဆံမှုများနှင့် အထင်သေးရှုတ်ချမှုများကြောင့် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို လက်လှမ်းမီအသုံးချနိုင်ရန် ခက်ခဲသော အခြေအနေတွင်ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေရသည့်အပြင် ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ ဘိန်းဖြူနှင့်စိတ်ကြွဆေးဝါး ထုတ်လုပ်မှုပြဿနာ၊ သုံးစွဲမှုပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ မူးယစ်ဆေးစွဲသူများအတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့ကို ဖွင့်လှစ်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မက်သာဒုန်းအစားထိုး တိုက်ကျွေးမှုအစီအစဉ်အရ မက်သာဒုန်း တိုက်ကျွေးသည့်ဌာန ၅၁ ခုကိုလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဆေးစွဲလူနာများအတွက် တစ်နေရာတည်းတွင် ကုသရေးဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများနှင့် ပြည်သူလူထုဆေးကုသရေး ဝန်ဆောင်မှုပေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သောအိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါရောဂါပိုး (ဘီ၊ စီ) နှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအန္တရာယ်လျှော့ချရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။